မန္တလေးတိုင်း မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်အုပ်စုက အခုရက်ပိုင်း ရွာအချို့က မူးယစ်ဆေးသုံးစွဲသူတွေကို ဖမ်းဆီးပြီးနောက် ပိုက်ဆံတောင်းပြန်လွှတ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက "ရွာမှာစစ်အုပ်စုကလူတွေ မူးယစ်အကြောင်းပြပြီး လိုက်ဖမ်း၊ မိရင် ငွေတောင်းပြီး ပြန်လွှတ် လုပ်နေကြတယ်။ အုပ်မှူးအဖွဲ့လည်း လုပ်စားနေကြတယ်၊ ဘာလုပ်လုပ် ငွေရဖို့ပဲလုပ်နေကြတယ်" လို့ ပြောပါတယ်။
မိုးကုတ်မှာ အခုရက်ပိုင်း မူးယစ်ဆေးသုံးစွဲသူတွေ များလာပြီးနောက် ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ နေရာအနှံ့မှာ ခိုးခံနေရပြီး တရက်ကို နှစ်စီး အနည်းဆုံးခိုးခံနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ဟိုရက်ပိုင်းက ဆိုင်ကယ်သူခိုးမိလို့ လာတိုင်တာ အုပ်မှူးက ၂၀၀၀၀ တောင်းတယ်။ နာယက မီးသတ်အရာရှိက ၂၀၀၀၀ တောင်းတယ်။ ပြဿနာကို မဖြေရှင်းပေးကြဘူး။"
မိုးကုတ်မှာ မူးယစ်ဆေးသုံးစွဲမှုတွေ ကျယ်ပြန့်လာပြီး အခုအတိုင်းသာ ဖမ်းမိပြီး ပိုက်ဆံတောင်း ပြန်လွှတ်ပေးနေပါက မူးယစ်ဆေးသုံးစွဲသူ ပိုမိုများလာနိုင်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
မိုးကုတ်မြို့က ရွာတွေမှာ ကိုဗစ်-၁၉ ရောဂါ မထိန်းချုပ်နိုင်သေးဘဲ သေဆုံးသူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။