စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ မော်တော်ရေယာဉ်မှန်သမျှကို ပန်းဆက်ကျေးရွာအခြေစိုက် ပျူစောထီးအဖွဲ့က နေ့စဉ် ဆက်ကြေးတောင်းခံနေတယ်လို့ မော်တော်သမားတွေထံကနေ သိရပါတယ်။
ကလေးမြို့ကနေ မုံရွာကို စုန်လာတဲ့ မော်တော်ပိုင်တစ်ဦးက "လာသမျှ မော်တော် အကုန်ကောက်တာ။ အလှူခံတာလည်း မဟုတ်ဘူး။ တောင်းကတည်းက မာမာပဲ။ ဖြတ်သန်းသွားလာခွင့်လို့ပြောပြီး ကောက်တာ။ မပေးလို့မရဘူးလေ။ သူတို့က ပန်းဆက်ရွာနဲ့ မောက္ကရွာကြားကကျွန်းပေါ်က ရေလယ်ကောင်မှာ မြန်မာနိုင်ငံအလံကြီး ထောင်ပြီးစခန်းချတာ။ လာသမျှ သေနတ်ဖောက် လှမ်းခေါ်တယ်။ သူတို့ခေါ်တာမလာရင် နောက်ကနေလိုက်ပြီး သေနတ်တွေနဲ့ ပစ်တာတွေလည်းရှိတယ်။ ကျနော်တို့ မော်တော်ကို ပထမ ကျပ် ၃ သိန်း ပထမတောင်းတယ်။ ကျနော်တို့က တောင်းတောင်းပန်ပန်နဲ့ တစ်သိန်းခွဲနဲ့ ပြတ်သွားတယ်ပေါ့ဗျာ”လို့ ပြောပါတယ်။
မင်းကင်းမြို့နယ်အတွင်း ရာသီပေါ်တုပ်ကွေးတွေ ဖြစ်ပွားနေကာ ဖြတ်သန်းသွားလာသူတိုင်းကို ပျူစောထီးတွေက ခေါ်ယူစစ်ဆေး ဆက်ကြေးတောင်းနေတဲ့အတွက် ဒေသခံပြည်သူလူထုတွေ ဆေးရုံဆေးခန်းသွားရာမှာလည်း အဆင်မပြေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
တောင်ဖြူကျေးရွာခံ အမျိုးသမီးတစ်ဦးက “ကျမတို့ ကျန်းမာရေးအတွက် သွားရာမှာလည်း ဒီပျူစောထီးဂိတ်က ခေါ်ယူဖမ်းဆီး စစ်ဆေးတာတွေ လုပ်တယ်။ မွေးလူနာတို့၊ ပိုးထိလူနာတို့ဆိုရင် အချိန်မီဆေးရုံကို သွားရမှာလေ။ အခုတော့ သူတို့ဂိတ်ကို ဝင်အစစ်ခံရတာဆိုတော့ အချိန်တွေ မတရားနောက်ကျတယ်။ နောက်ပြီး ဘယ်လောက်အရေးကြီးကြီး မကြီးကြီး ငွေမပေးရင် ရစ်နေတာ မပြီးတော့ဘူး။ ကျမတို့အရေးကြီးလူနာတွေဆိုရင် မင်းကင်းဆေးရုံက အနီးဆုံးဆိုတော့ မင်းကင်းကို စက်လှေအမြန်ယာဉ်လေးတွေနဲ့ ပြေးရတာ။ အဲဒီကမနိုင်ဘူးဆိုရင် မုံရွာဆေးရုံပေါ့။ အချိန်မီ မပို့နိုင်လို့ မွေးလူနာ သေဆုံးတာလည်းရှိတယ်”လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက ကြံ့ခိုင်ရေးအမာခံရှိတဲ့ ပန်းဆက်ကျေးရွာနဲ့ တောင်ဖြူကျေးရွာမှာ စစ်ကောင်စီတပ်က တပ်စွဲကာ အခြေခံသေနတ်ပစ်သင်တန်းပေးပြီး ပျူစောထီးအဖွဲ့လို့ဆိုကာ အနီးနားကျေးရွာကျေးရွာ အန်အယ်လ်ဒီ ထောက်ခံတဲ့ အပြစ်မဲ့ ပြည်သူတွေ ဖမ်းဆီးရိုက်နှက်၊ ပစ္စည်းတွေကို ဖျက်ဆီးတာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေရဲ့ ရန်ကြောင့် ရွာသားတွေဟာ ဘေးလွတ်ရာတောထဲနဲ့ တချို့ဆိုရင် ရွှေမျော၊ ကျောက်တွင်း စတဲ့ နေရာတွေကို မိသားစုလို ပြောင်းရွှေ့တာတွေလည်းရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရတာပါ။