မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်နဲ့ သာစည်မြို့နယ်မှာ သြဂုတ် ၃၀ ရက်ညက မိုးရွာသွန်းမှုများသဖြင့် သြဂုတ် ၃၁ ရက်မနက်ပိုင်းက လူနေအိမ်နဲ့ ယာခင်းတွေ ရေနစ်မြုပ်ခဲ့ပါတယ်။
ဒေသခံတစ်ဦးက "ညက တစ်ညလုံး လိုလို မိုးတွေရွာနေတယ်။ ဒီနေ့မနက်ရောက်တော့ အိမ်တွေထဲကို ၂ ပေကျော်ကျော်လောက် ရေတွေဝင်လာတယ်။ ငရုတ်ခင်းတွေထဲလည်း ရေဝင်တယ်။ ပျက်စီးဆုံးရှုံးမှုတော့ ခန့်မှန်းလို့ မရသေးဘူး"လို့ ပြောပါတယ်။
သာစည်မြို့နယ်က ဥသျှစ်ကုန်းရွာ၊ ဝမ်းသာရွာ၊ ဟံဇားရွာ၊ ဒဟတ်တောရွာတွေရဲ့ ယာခင်းတွေကို ရေထု ၂ ပေကျော်ကျော်လောက် ဝင်ရောက်ခဲ့ပါတယ်။
ဝမ်းတွင်းမြို့နယ်က လျှော်ပင်ရွာနဲ့ မြို့ပေါ်ရပ်ကွက်တချို့က လူနေအိမ် ၁၇၀ ကျော်လောက်ကို ရေထု ၃ ပေလောက်ဝင်ခဲ့ပြီး ဌာနဆိုင်ရာတွေ ပရဟိတအဖွဲ့အစည်းတွေက ရေဝင်အိမ်တွေရဲ့ မိသားစုတွေကို နေရာပြောင်းရွေ့ပေးထားရပြီး အစားအစာထောက်ပံပေးနေတယ်လို့ သိရပါတယ်။
ဝမ်းတွင်းမြို့နယ်နဲ့ သာစည်မြို့နယ်တွေမှာ သြဂုတ် ၃၀ ရက်ည ၉ နာရီလောက်ကစပြီး သြဂုတ် ၃၁ ရက်မနက်အထိ မိုးရေချိန်လက်မ ၂ လက်မ မှ ၃ လက်မအတွင်း မိုးရွာသွန်းခဲ့တယ်လို့လည်း သိရပါတယ်။