Home
ဆောင်းပါး
မြန်မာမှာ ဒီမိုကရေစီမရှိလေ တရုတ်ခံတွင်းတွေ့လေ
DVB
·
August 27, 2021

ဘောင်းဘီဝတ်မှသည် ခေါင်းပေါင်းစွပ်လိုက်သော ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးအစိုးရတက်လာ။ စစ်တစ်ပိုင်းဒီမိုကရေစီ စတင်အသက်ဝင်လာရုံရှိသေး ပြည်သူတို့၏ တူညီသောဆန္ဒသည် တာကျိုးကျသည့်ပမာ အလုံးအရင်းဖြင့်ထွက်ပေါ်လာခဲ့သည်။

ယင်းမှာ စစ်အစိုးရနှင့် တရုတ်အစိုးရတို့ လက်ဝါးချင်းရိုက်ထားသော မြစ်ဆုံရေကာတာစီမံကိန်းကို တညီတညွတ်တည်းအပြင်းအထန် ကန့်ကွက်ကြခြင်းဖြစ်သည်။ အနည်းငယ်မျှ ပြောရေးဆိုခွင့်ရလာချိန်တွင် ပထမဆုံးသော မြန်မာပြည်သူတို့၏ တစ်သံတည်းသောဆန္ဒ။ ဦးသိန်းစိန်အတွက်သမ္မတလုပ်ရတာမလွယ်ကြောင်း စစချင်းဆောက်နဲ့ထွင်းသလို ခေါင်းမီးတောက်ခဲ့ရခြင်းလည်းဖြစ်သည်။

နောက်ဆုံး သူ့သက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားမည်ဟု တရားဝင်ထုတ်ဖော်ပြော ကြားလိုက်သည့်အခါ တရုတ်အစိုးရအတွက်လည်း သောက်သောက်လဲရေရောထားသည့် မြန်မာ့စစ်တစ်ပိုင်း ဒီမိုကရေစီသည်ပင် ခရာမှုတ်သံထွက်လာပြီးမကြာခင် စတင်အာခံလေပြီဟု ထိထိမိမိသိရှိတော့သည်။

ဦးသိန်းစိန်၏ မြစ်ဆုံဆုံးဖြတ်ချက်သည် တရုတ်ဘာလုပ်လုပ် ခြွင်းချက်မရှိလက်ခံတော့မည်မဟုတ် ကြောင်း တရုတ်အစိုးရထံသို့ လိပ်မူတပ်ကာပြောပြလိုက်သလိုပင်။ ထို့ကြောင့် နှစ်များစွာကြာ ဘာလုပ်လုပ်တင့်တယ်နေသော အေးရာအေးကြောင်း မြန်မာပေါ်လစီကို ပြန်လည်သုံးသပ် ရတော့မည်ဖြစ်ကြောင်း တရုတ်တို့ အိပ်ချင်မူးတူးလက်ခံလိုက်ရသည်။

အထူးသဖြင့် နိုင်ငံနှင့်ချီ တရုတ်ဆန့်ကျင်ရေးစိတ် မည်မျှပြင်းထန်စေကာမူ တရုတ်အစိုးရအတွက် မှုစရာမလိုသော်လည်း သိက္ခာကျရသည်။ မြန်မာပြည်သူတို့၏ သဘောထားကို ရိုးရိုးသားသားလက်ခံမိသည့်အခါတိုင်း မြစ်ဆုံစီမံကိန်းအပေါ် မြန်မာပြည်သူတို့ အပြင်းအထန် ကန့်ကွက်ခြင်း၏အနောက်တွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် လှိုင်းတံပိုးကြီးစွာရှိနေကြောင်း ကောင်းကောင်းသိခဲ့သည်။

မြစ်ဆုံစီမံကိန်းကန့်ကွက်မှုတွင် မြန်မာပြည်သူတို့အတွက် အကျိုးစီးပွားအနည်းငယ်သာရှိသည့် တဇောက်ကန်းမမျှတမှု၊ စီမံကိန်းနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုလုံးဝမရှိခြင်းနှင့် စီမံကိန်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကို မြန်မာပြည်သူတို့ အနည်းနှင့်အများဆိုသလို သိရှိဆန့်ကျင်ကြခြင်းဖြစ်သော်လည်း တရုတ်အစိုးရအပေါ် ဒဏ်ခတ်လိုသည့်စိတ်က ပိုပဓာနကျမည်ဟုထင်၏။

ဘာ့ကြောင့်ဒဏ်ခတ်လိုကြသနည်း။ မြန်မာပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကြီးမှုကို လုံးဝလျစ်လျူရှု ကာ စစ်အစိုးရအပေါ် တရုတ်အစိုးရအကာအကွယ်ပေးမှုကြောင့်ဖြစ်သည်။ ပြည်သူ့သွေးဖြင့်ခြေဆေးကာ အာဏာတည်ခဲ့သော စစ်အစိုးရစတင်လိုက်သည်နှင့် တစ်ပြိုင်နက် တရုတ်အစိုးရက ခြေမြန်လက်မြန်အသိအမှတ်ပြုပြရုံတင်မက ကုလသမဂ္ဂစင်မြင့်ထက်တွင် အသက်ရှူမမှန်တော့သည့် စစ်အစိုးရကို ဗီဒိုအာဏာဖြင့် အသက်ဆက်စေခြင်းနှင့် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန်အတွက် တရုတ်အစိုးရက ဗြောင်ကျကျ အထောက်အကူပေးခဲ့ခြင်းသည် မြန်မာပြည်သူတို့အတွက် အနာကြီးနာခဲ့ရသည်။

စစ်အစိုးရ၏အသက်ကို တရုတ်တို့ ဘာ့ကြောင့်ထောက်ကူခဲ့သနည်း။ တရုတ်နှင့် နယ်နိမိတ်ရှည် လျားစွာထိစပ်နေသော မြန်မာသည် တရုတ်နှင့် အခြေခံဖွဲ့စည်းပုံတူသည့် အာဏာရှင်နိုင်ငံဖြစ်နေခြင်းက တရုတ်အတွက်တစ်ရန်ငြိမ်းပြီးသားဖြစ်သလို မြန်မာနိုင်ငံ၏ အားသာချက်မှန်သမျှကို ထင်သလို ကုပ်ခွစီးအချောင်နှိုက်နိုင်ခြင်းကြောင့်ဖြစ်သည်။ ပြောရလျှင် တရုတ်အစိုးရသည် ၎င်းတို့အကျိုးစီးပွားအတွက် စစ်အစိုးရအသက်ဆက် နိုင်အောင် ထောက်ကူခဲ့ခြင်းဖြစ်သည်။ တရုတ်တို့စတိုင်အတိုင်း နည်းနည်းပေးပြီး များများယူခြင်းဒဏ်ကို မြန်မာပြည်သူတို့ လိမ့်နေအောင်ခံခဲ့ရသည်။ မြန်မာ့အိမ်ဦးခန်းထက် တရုတ်တို့ချေးတက်ပါခြင်းကို မမြင်ချင် ယောင်ဆောင်နေခဲ့ရခြင်းအပေါ် မြန်မာပြည်သူတို့ အသဲနာခဲ့ရသည်။ ထို့ကြောင့် အခွင့်ပေါ် သည်နှင့် တရုတ်ဆန့်ကျင်ရေးအမြင် သည်းထန်လာခဲ့ခြင်းဖြစ်သည်။

တရုတ်ဆိုသည်မှာ ကမ္ဘာ့အဆင့်အင်အားကြီးသူဖြစ်သည်။ အင်အားကြီးသူတို့၏ထုံးစံအတိုင်း နိုင်ငံ ငယ်များကိုမလောက်လေးမလောက်စားအဆင့်ပါဟု ထည့်မတွက်ချင်သည့်ရောဂါရှိသည်။ ထို့ကြောင့် တရုတ်တို့စိတ်ကြီးဝင်နေသည့်အချိန်တိုင်းတွင် မြန်မာ့အရေးကို ခပ်ပေါ့ပေါ့ပင် သဘောထားခဲ့သည်။ မြန်မာပြည်သူတို့၏ မြစ်ဆုံစီမံကိန်းကန့်ကွက်ဆန္ဒပြပွဲများကို အနောက်အုပ်စု၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဟု အလွယ်တကူဖွင့်ဆိုသည်။ ထို့ပြင် တရုတ်နယ်စပ်တွင် တရုတ်လွှမ်းမိုးမှုသြဇာရှိသော မြန်မာတိုင်းရင်းသားလက်နက်ကိုင်တချို့ကို ကောင်းကောင်းကိုင်ထားနိုင်ခြင်းကလည်း တရုတ်အတွက်ယပ်ခတ်မပျက်စေသော ဆေးနည်းတဖုံဖြစ် ခဲ့သည်။

ထို့ကြောင့် မြန်မာ့အရေးကို မိုက်ခရိုစကုပ်ပေါ်တင်ကာ အကယ်ဒမစ်ဆန်စွာ သိပ္ပံနည်းကျ စောင့် ကြည့်အကဲခတ်ရမည့် ကျွမ်းကျင်သူများရှိရန်မလိုဟု တရုတ်ကယူဆသည်။ ထိုသို့ဆို၍ မြန်မာ့အရေးကိစ္စ ကြီးငယ်ပေါ်သည့်အခါတိုင်း ကိုယ့်ဘာသာထင်သလို ဆုံးဖြတ်နေခြင်းမျိုးတော့မဟုတ်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် နီးစပ်သောတရုတ်တန်းမှ ပုဂ္ဂိုလ်များကိုခေါ်မည်။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှ ပုဂ္ဂိုလ် အချို့ကိုခေါ်မည်။ ၎င်းတို့၏ အမြင်ကို စနည်းနာမည်။

ယင်းသည်ကိုယ့်သဘောနှင့်ကိုယ်ဆုံးဖြတ်ခြင်းထက် ပိုမိုစိတ်ချရသော ချဉ်းကပ်နည်းဖြစ်သော် လည်း ပြဿနာက ၎င်းတို့ခေါ်ယူ စနည်းနာသူများအားလုံးမှာ တရုတ်အကျိုးစီးပွားနှင့် မကင်းသူများ ဖြစ်နေခြင်းပင်။

ပြောရလျှင် မြန်မာ့အရေးနှင့်ပတ်သက်သည့် တရုတ်အစိုးရ၏ သဘောထားတစ်စုံတစ်ရာကို မြန်မာ အကြောင်းသူတို့ထက်ပိုသိသော မြန်မာနိုင်ငံသားများထံ စနည်းနာခြင်းမတိုင်မီကတည်းကပင် ကြိုတင်ဆုံးဖြတ်ထားပြီးဖြစ်ပြီး စနည်းနာခြင်းဆိုသည်မှာ လုပ်ရိုးလုပ်စဉ်အရ လုပ်ဆောင်ခြင်းမျှသာဖြစ်သည်။ ပြောရလျှင်၎င်းတို့ ဆုံးဖြတ်ထားပြီးသားကိစ္စကို ၎င်းတို့ စနည်းနာမည့်ပုဂ္ဂိုလ်များအား ခေါင်းညိတ်ခိုင်းသည့်သဘော ဖြစ်သည်။

တရုတ်အစိုးရ၏ ယင်းသို့သောသဘောထားကို သဘောထားအမြင်စနည်းနာခံရသူတို့က ကောင်း ကောင်းသိကြသည်။ တရုတ်အကြိုက်ပြောတတ်ဆိုတတ်ရန်လိုကြောင်း အံတိုပြီးသားဖြစ်သည်။ ထို့ကြောင့်တရုတ်တို့၏ စကားအသွားအလာကိုကြည့်ကာ ဘာပြောရမည်မှန်း သေချာသဘောပေါက်ကြသည့်အတိုင်း ရေလိုက်ငါးလိုက် ပြောကြဆိုကြသည်။

တရုတ်အစိုးရက အမှန်အတိုင်းမသိချင်။ ၎င်းတို့ကလည်းအမှန်အတိုင်းမပြော။ တရုတ်အစိုးရ၏ မြန်မာ့အရေးဆုံးဖြတ်ချက်မှာ မှားလို့လည်းဘာမှမဖြစ်သဖြင့် ထိုသို့သော မမှန်မကန် ဆက်ဆံရေးသည် အခိုင်အမာအသားကျခဲ့သည်။

ထို့ကြောင့် ပြည်ခိုင်ဖြိုးအစိုးရလက်ထက်၊ တရုတ်ဆန့်ကျင်ရေးအမြင် အောတိုက်ထွက်ပေါ်လာသည့် အချိန်ကျမှသာ မျက်ပြူးဆန်ကာဖြစ်ကာ ပြည်ခိုင်ဖြိုးအစိုးရ၊ ပြည်ခိုင်ဖြိုးပါတီနှင့်သာမက ပါတီစုံနှင့်ထိတွေ့ ဆက်ဆံရေး၊ မြန်မာဒီမိုကရေစီအင်အားစုများနှင့် ဆက်ဆံရေးကိုပါ ဝရုန်းသုန်းကားအားထည့်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာပြည်သူများကြား တရုတ်ပုံရိပ် ကောင်းလာစေရေးအတွက် မြန်မာမီဒီယာများနှင့်ဆက်ဆံရေးကိုလည်း တရုတ်အစိုးရက လုံ့လစိုက်ခဲ့သည်။

တရုတ်အစိုးရအပေါ်မြန်မာပြည်သူတို့၏ သဘောထားသိပ်မမာထန်တော့ခြင်းမှာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကျမှသာ စတင်ခဲ့သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်အစိုးရကြားဆက်ဆံရေးကောင်းမွန်ခြင်းမှသည် အစပျိုးခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်သူတို့အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကြီးမှုကို တရုတ်အစိုးရ ကောင်းကောင်း သိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ပြည်ခိုင်ဖြိုးအစိုးရမဟုတ်သလို စစ်အစိုးရလည်းလုံး၀ မဟုတ်ကြောင်း တရုတ်တို့ သေချာသိခဲ့သည်။

တရုတ်တို့လိုချင်သည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကဲ့သို့ ဒီမိုကရေစီအမြင်ထက်သန်ပြီး ကိုယ့်တိုင်းပြည်အကျိုးစီးပွားကိုသာ ရှေ့ရှုသောအစိုးရမျိုးမဟုတ်။ အရှေ့တောင်အာရှတွင် ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် တရိပ်ရိပ်ကြီးပွားတိုးတက်လာမည့် မြန်မာနိုင်ငံတော်မျိုးမဟုတ်။ တရုတ်၏အလိုတော်မှာ သူတို့အလိုကျပြုမူကာ သူတို့အပေါ်မှီခိုခြင်းဖြင့် သူတို့ကြည်ဖြူသလောက် ဖွံ့ဖြိုးလာသည့်မြန်မာနိုင်ငံပုံစံမျိုး  ဖြစ်သည်။ အလွန်ဆုံးအဆင့် မော်စီတုံးနှင့် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင်လို အစ်ကိုကြီး လုပ်သမျှ မလုပ်ခင်ကတည်းက မှန်နေပြီး ခေါင်းညိတ်ထောက်ခံပစ်လိုက်မည်ဆိုသည့် ဆက်ဆံရေးမျိုး။

ထို့ကြောင့်ပင် လောဘမသတ်နိုင်သော တရုတ်အစိုးရသည် စစ်ကောင်စီက မဟုတ်မမှန်လိမ်လည် အာဏာသိမ်းမှန်းသိလျက် ဘာကိုမှမစဉ်းစားနိုင်ဘဲ ပြေးထောက်ခံလိုက်ခြင်းဖြစ်သည်။ ဒါကိုနောက်တစ်မျိုးဆိုရသော် မြန်မာပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို ဒုတိယအကြိမ်မြောက် ထပ်မံစော်ကားလိုက်ခြင်းလည်း ဖြစ်သည်။

တရုတ်အစိုးရအတွက်မူ ၎င်းတို့၏ စိတ်ဆန္ဒနှင့် အကျိုးစီးပွားအရ စစ်ကောင်စီဘက်မှ ပုံအောလိုက် ခြင်းဖြစ်သော်လည်း စစ်ကောင်စီရှုံးလည်း တရုတ်မရှုံးသဖြင့် အပြုံးပျက်စရာအကြောင်းမရှိပေ။ တရုတ်သည် အင်အားကြီးသည်။ တရုတ်သြဇာကြီးသေ ာတိုင်းရင်းသားလက်နက်ကိုင်အချို့ရှိနေသည်။ ထို့ပြင်တရုတ်တွင် သူတို့ဘဝင်မကျလျှင် ထုတ်သုံးရဲသည့် အောက်လမ်းနည်းလည်းရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်း အာဏာရှင်စစ်ကောင်စီကို ပြတ်ပြတ်သားသားနှိမ်နင်းကာ ဒီမိုကရေစီအစိုးရတစ်ရပ်တက်လာ ခဲ့သည့်တိုင် မြန်မာ-တရုတ်ဆက်ဆံရေးတွင် တရုတ်သည်အပေါ်စီးရမြဲရနေမှာ သေချာသည်။ ယင်းသည် မြန်မာအပေါ်တရုတ်တို့ထင်သလို ပြုမူရဲသည့် သော့ချက်ဖြစ်သည်။

ပြောရလျှင် မြန်မာမျက်ဖြူဆိုက်လေ တရုတ်တို့ကြိုက်လေဖြစ်သည်။ မနေချင်သဖြင့် နေရာသစ် တစ်နေရာရွှေ့သလို ပြောင်းရွှေ့၍မရဘဲ ကမ္ဘာတည်သရွေ့ တရုတ်နှင့်အိမ်နီးချင်းဖြစ်နေမှုမှာ မြန်မာတို့အတွက် ပထဝီကပေးသည့် ကံဆိုးမှုတစ်ရပ်ပင်ဖြစ်သည်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024