စစ်ကောင်စီတပ်တွေ ဝင်ကျေးတွေအတွင်း ဝင်ရောက်ပြီး ရိုက်နှက်ဖမ်းဆီးတာတွေကြောင့် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က ဒေသခံတွေ ကနီမြို့နယ်အတွင်းကို နေ့စဉ် နေရပ်စွန့်ခွာ ထွက်ပြေးလာနေကြတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင် မိန်ကလေးတစ်ဦးက “ကျမတို့ ကျောက်ခဲတက်ရွာက လူတွေ နေရပ်မှာ မနေရဲလို့ ကနီနယ်ဘက်ကို ထွက်ပြေးခဲ့ရတယ်ပေါ့။ ဘာလို့ထွက်ပြေးရလဲဆိုတော့ ပန်ဆက်ရွာက ပျူစောထီးတပ်နဲ့ စစ်ခွေးက နေစဉ် ကျမတို့ရွာကို နေ့စဉ်လာမွှေဖျက်ဆီးတာခံရတယ်။ လူတွေ့ရင် ဖမ်းဆီးရိုက်နှက်တာတွေလည်းလုပ်တယ်။ အထူးသဖြင့် NLD ထောက်ခံတဲ့သူတွေဆိုရင် နာလန်မထူအောင်အတင်းရိုက်ကြတာ။ သူတို့ကို အတင်းအကျပ်ထောက်ခံဖို့ ကျမတို့ကို ပြောတယ်။ မထောက်ခံတဲ့သူဆိုရင် လူကိုပါသတ်မယ်၊ အိမ်ကိုမီးရှို့မယ်လို့ ခြိမ်းခြောက်ကြတယ်။ ကျမတို့လည်း နေ့စဉ်အဲလိုအလုပ်ခံနေရတော့ သူတို့နဲ့လွတ်ရာရှောင်ပုန်းရတာပေါ့” လို့ ပြောပါတယ်။
ပန်ဆက်ကျေးရွာက ပျူစောထီး နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ညှဉ်းပန်းနှိပ်စက်တာကြောင့် နေရပ်စွန့်ခွာနေရသူအများစုဟာ ကျောက်ခဲတက်ကျေးရွာက အများဆုံးဖြစ်ပြီး ကျန်ကျေးရွာတွေလည်း ပါတယ်လို့ သိရပါတယ်။
လက်ရှိ ဩဂုတ်လအတွင်း စစ်ဘေးရှောင် ၁၀၀၀ ကျော်နေပြီလို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။
“ဒုက္ခရောက်လို့ ကျနော်တို့ဘက် ထွက်ပြေးလာတဲ့သူ ဦးရေး ၁၀၀၀ ကျော်နေပြီဗျ။ မင်ကင်းမြို့နယ်က ပြည်သူတွေက အများဆုံးပဲ။ လောလောဆယ်တော့ စားသောက်စရာပြတ်လပ်တော့မှာဗျ။ အချိန်ကြာလာရင်တော့ အစာရေစာနဲ့ ဆေးဝါးများပါ ပြတ်လပ်နိုင်ပါတယ်။”
ထွက်ပြေးလာတဲ့အထဲမှာ ကလေးတွေ၊ လူအိုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ပါတာကြောင့် အစားအသောက်နဲ့ဆေးဝါးတွေ အမြန်ဆုံး ကူညီပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။
မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာအတွင်း တပ်စွဲထားတဲ့ ပျူစောထီးတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့ကလည်း သင်တောကျးရွာက အပြစ်မဲ့ပြည်သူတွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီးတဲ့အပြင် ရွှေ၊ ငွေ၊ ဖုန်း နဲ့ သိန်း ၃၆၀ တန် လယ်ထွန်စက်နှစ်စီးလည်း ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။