Home
မြန်မာသတင်း
ရွှေလီမြို့ရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများ နေရပ်ပြန်ရန် ပန်းခြံတွင်စောင့်အိပ်နေရ
DVB
·
August 22, 2021

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ ဩဂုတ်လ ၂၂ ရက်က  မြန်မာပြည်ဘက်ကို ပြန်ခွင့်ရဖို့ ပန်းခြံမှာ ညအိပ်စောင့်ခဲ့ကြရတယ်လို့ ရွှေလီရောက်မြန်မာလုပ်သားတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၉ နာရီကျော်လောက်အထိ  တရုတ်ဘက်ကနေ ထွက်ခွင့် မရသေးဘူးလို့ နေရပ်ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောပါတယ်။

 “ကျနော် အခုမနက် တရုတ်ရဲစခန်းကို မေးခဲ့ပါပြီ။ မြန်မာပြည်ဘက်က လက်မခံလို့တဲ့ မြန်မာပြည်ဘက်က လက်ခံရင်အ ကြောင်းကြားပေးပါမယ်တဲ့။ တရုတ်-မြန်မာ ဘောလီဘောပုတ်နေတယ်။”

မြန်မာပြည်ကိုပြန်ဖို့ ရွှေလီပန်းခြံမှာ ညအိပ်စောင့်ဆိုင်းနေရသူတွေထဲက တချို့က စောင့်နေရတာ  ၃ ရက်နဲ့ ၃ ည ကြာပြီဖြစ်ပြီး ဩဂုတ် ၁၉ ရက်ညက ရဲစခန်းရှေ့မှာ ညအိပ် စောင့်ဆိုင်းခဲ့ကြရသူတချို့ထဲမှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

“ရွှေလီရဲစခန်းရှေ့တွေမှာ မြန်မာပြည်သူ ပြည်သား အမြောက်အမြား ညအိပ်ပြီး နေရပ် မြန်မာပြည် ပြန်ဖို့ စောင့်နေကြတာ နှစ်ရက် သုံးရက်ရှိပါပြီ။ သက်ဆိုင်ရာ လူကြီးမင်းများ ခင်ဗျာဒုက္ခရောက် နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများကို ကူညီပေးစေလိုပါတယ်” လို့  ရွှေ့ပြောင်းလုပ်သား တစ်ဦးက တောင်းဆိုပါတယ်။

နန်းတော်ပေါက်ရဲ့ တရုတ်ဘက်ခြမ်းမှာ ဩဂုတ် ၂၁ ရက် ညပိုင်း အင်တာနက်လိုင်း တချို့ ပြုပြင်တဲ့ လုပ်ငန်းတွေဆောင်ရွက်နေတာကြောင့် ပြီးစီးပါက ဩဂုတ်လ ၂၂ ရက်မှာ မူဆယ် နန်းတော်ပေါက်မှတဆင့် နေရပ်ပြန်တွေကို ဆက်လက်လွှဲပြောင်းပေးမယ်လို့ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ကနေတဆင့် အသိပေး ကြေညာထားပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတချို့ကတော့ ပြန်ခွင့်မရမှာ စိုးရိမ်လို့  ညအိပ် လာရောက် စောင့်ဆိုင်းနေကြရသလို တချို့ကတော့ အထုပ်အပိုးနဲ့ ထွက်သွားပြီး ပြန်လာသူတွေကို အိမ်ရှင်တွေက လက်မခံတော့တာ ရှိပါတယ်။

တချို့ကတော့ အလုပ်မရှိ၊ ဝင်ငွေမရှိတော့လို့ အခန်းခ မပေးနိုင်တော့တာကြောင့် အိမ်ရှင်၊ အလုပ်ရှင်တွေက လက်မခံတာရှိပြီး ပြန်အိပ်စရာ နေရာမရှိတော့တာလို့ မြန်မာ ပြန်ဖို့စာရင်းပေးထားပြီး မပြန်ရဘဲ စောင့်ဆိုင်းနေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

“ပိုက်ဆံလည်း မရှိတော့ဘူး။ ဘာစားပြီး ဆက်နေရမလဲ။ အရမ်းဒုက္ခရောက်နေတယ်။ စာရင်းပေးပြီးသား ခုထိမပြန်ရသေးဘူး။ လော့ဒေါင်းပြန်မိမှာ စိုးရိမ်လို့။ စိတ်ညစ်တာနဲ့ ကျနော်ဆို သွေးတောင်တိုးနေတယ်။”

ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေကြောင့် ကူးစက်မှု အမြင့်ဆုံးဇုန်လို့ သတ်မှတ်ထားတဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်နေတဲ့ နေရာတွေကို တရုတ်အစိုးရ အနေနဲ့ စည်းကမ်းတင်းတင်းကျပ်ကျပ် ချမှတ်ပြီး ကပ်ရောဂါကို ကာကွယ်ထိန်းချုပ် ကုသကာ ဒေသခံတွေမှအပ တရုတ်နိုင်ငံသားတွေရော မြန်မာနိုင်ငံသားတွေပါ မိမိ နေရပ်ပြန်ကြဖို့ တိုက်တွန်း ထားပါတယ်။

တရုတ်နယ်စပ်ဘက် လော့ဒေါင်း မကြာခဏ လုပ်ထားတာကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး မြန်မာလုပ်သားတွေ အခက်အခဲဖြစ်နေကြတာပါ။

နှစ်နိုင်ငံ တရားဝင် နန်းတော်ဂိတ်ကနေ ပြည်တော်ပြန်ဝင်လာသူ ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၂၁ ရက်အထိ ၅,၃၃၅ ဦးရှိပြီး တရားမဝင် နယ်ခြားဂိတ်ပေါက်ကနေ ပြန်လာသူတွေလည်း ရာချီ ရှိပါတယ်။

Photo Crd# ရွှေလီရောက် မြန်မာနိုင်ငံသား တစ်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024