စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျောက်ခဲတက်ရွာနေ ပြည်သူ ၆ ဦးကို သြဂုတ် ၁၅ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ မနက်ပိုင်း ၁၀ နာရီလောက် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပန်းဆက်ရွာဘက်ကနေ ကျောက်ခဲတက်ရွာ ရောက်လာတယ်။ ပျူစောထီးတွေရဲ့ နေအိမ်က ပစ္စည်းတွေ လာသယ်ရင်း ရွာက ပြည်သူ ၆ ဦးကို ဖမ်းသွားတယ်။”
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်လောက်ဟာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ညနေ ၄ နာရီလောက်မှာ အမျိုးသမီး ၃ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျောက်ခဲတက်ရွာကို ၅ ကြိမ်ထက်မနည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေနေတာမို့ ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးနေချိန် ရွာထဲက လူသုံးကုန်၊ စားသောက်ကုန်နဲ့ စိုက်ပျိုးရေးကုန်ကြမ်းပစ္စည်းတွေကို ဝင်ရောက်ဖျက်ဆီးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။