Home
မြန်မာသတင်း
ရုပ်ရှင်ဒါရိုက်တာ သိန်းဒန်ကို ပြန်လွှတ်ပေးရန် တောင်းဆို
DVB
·
August 12, 2021

ရန်ကုန် အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးခံထားရတဲ့ မြန်မာရုပ်ရှင် ဒါရိုက်တာ သိန်းဒန်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဂျပန်ရုပ်ရှင်လောက မိတ်ဆွေတွေက တောင်းဆိုပါတယ်။

အသက် ၃၇ နှစ်အရွယ် ဒါရိုက်တာသိန်းဒန်ဟာ ဂျပန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရနေသူဖြစ်ကာ ဖေဖော်ဝါရီလ အာဏာသိမ်းမှုရဲ့ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲမြင်ကွင်းတွေကို ရိုက်ကူးခဲ့ပြီး ဆန္ဒပြ လူငယ်တွေနဲ့လည်း ရင်းရင်းနှီးနှီးရှိတာကြောင့် စစ်တပ်ရဲ့နှိမ်နင်းမှုမှာ ပစ်မှတ်ထားခံရတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာသိန်းဒန်ဟာ ဧပြီလက အဖမ်းခံရပြီး ခိတဇုမိဆီကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေ ရောင်းချပြီး ရရှိခဲ့တဲ့ငွေကြေး ဒေါ်လာ ၂၀၀၀ ကို အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ထောက်ပံ့တယ်ဆိုတဲ့ သံသယနဲ့ စွဲချက်တင်ခံရတယ်လို့ ဒါရိုက်တာ သိန်းဒန်ရဲ့မိတ်ဆွေ ဂျပန်သတင်းထောက် Yuki Kitazumi နဲ့ တခြားရင်းမြစ်တွေ ပြောကြားချက်အရ သိရပါတယ်။

ဧပြီ ၁၇ ရက်က ဂျပန်အရာရှိတွေ နေထိုင်တဲ့ ရန်ကုန်မြို့ရှိတိုက်ခန်းတစ်ခန်းကို စစ်သားတွေ နဲ့ ရဲတွေ ဝင်ရောက်စီးနင်းခဲ့ပြီး ဒါရိုက်တာသိန်းဒန်ကို ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနေ့မှာပဲ ဒါရိုက်တာသိန်းဒန်ကို ရန်ကုန်က ဟိုတယ်တခုမှာ ဖမ်းဆီးခဲ့ကြောင်း၊ နောက်ရက်မှာ အဖမ်းခံခဲ့ရတဲ့ ဂျပန်ဂျာသတင်းထောက် Yuki Kitazumi နဲ့လည်း အကျဉ်းထောင်မှာ မေလက ပြန်ဆုံခဲ့ကြပါတယ်။ 

ဧပြီ ၁၈ ရက်ညပိုင်းက ရန်ကုန် ပုဇွန်တောင်မြို့နယ်  ရေကျော်လမ်းက နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ကတော့ မေ ၁၄ ရက်နေ့မှာ ပြန်လွတ်လာခဲ့တာပါ။

ဒါရိုက်တာ သိန်းဒန်ဟာ ကျန်းမာရေးကောင်းမွန်ပုံရပြီး သူ့ကို စစ်တပ်အဆောက်အအုံတစ်ခုမှာ မဟုတ်မမှန် ရေးသားထားချက်အပေါ် လက်မှတ်ထိုးခိုင်းဖို့ နှိပ်စက်ခဲ့ကြောင်း Kitazumi ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တရားရင်ဆိုင်နေရတဲ့ ဒါရိုက်တာသိန်းဒန်ဟာ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်ကျခံရ နိုင်တယ်လို့လည်း ဆိုပါတယ်။ 

ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနမှ တာဝန်ရှိသူတွေ ပြောတာကတော့ သူတို့ဟာ ဒီအမှုကို သတိ ပြုမိထားပြီး ဒါရိုက်တာ သိန်းဒန်အပါအဝင် အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို တောင်းဆိုထားပါတယ်။ 

ဂျပန်ဒါရိုက်တာများအစည်းအရုံးက ဥက္ကဌ ယိုအိချိဇိုင်ရဲ့နာမည်နဲ့ ဇူလိုင် ၂၁ ရက်မှာ ထုတ် ပြန်ထားတဲ့ကြေညာချက်ထဲမှာ ဒါရိုက်တာ သိန်းဒန်ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024