မန္တလေးတိုင်း မိုးကုတ်မြို့မှာ သြဂုတ် ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး မြေပြိုမှုကြောင့် လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီအသင်းက ပြောပါတယ်။
မိုးရွာသွန်းပြီး အုတ်တံတိုင်းပြိုကြတာကြောင့် မိုးကုတ်မြို့အနောက်ပိုင်း အင်းဂေါင်းရပ်ကွက် နေအိမ်တခုက လူသုံးယောက်သေဆုံးသွားတယ်လို့ မြို့နယ်ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဓာတ်ဆီဆိုင်က အုတ်တံတိုင်းကပြိုကျတာ၊ သူတို့အိမ်က အောက်ဘက်ဆိုတော့ အိမ်အပေါ်ကို အုတ်တံတိုင်းကပိပြီး အိမ်ထဲက လူသုံးယောက် သေသွားတယ် အလောင်းထုတ်ခဲ့ပြီ။"
သေဆုံးသွားသူတွေက အမျိုးသမီးနှစ်ယောက်နဲ့ အသက် ၃ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း မြို့လယ်ရပ်ကွက်၊ မင်းတံတားရပ်ကွက်၊ စည်ပင်သာယာ ရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်တွေမှာလည်း ချောင်းရေတက်တာကြောင့် ရေက လမ်းပေါ်ကို ၃ လက်မကျော် တက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မိုးက နှစ်ရက်ဆက်တိုက်ရွာနေတာ ချောင်းရေကတက်လာတော့ ရေကကြီးပြီ၊ အများကြီး ကြီးတာတော့ မဟုတ်ဘူး။ ရေတက်လာတာ လမ်းမပေါ်တွေရောက်နေပြီ လမ်းတချို့လည်း မြေပြို တယ်။"
မိုးကုတ်မြို့မှာ ရေကြီးမြေပြိုမှုဖြစ်တာ ၂၀၂၁ ခုနှစ်မှာ ပထမဆုံးဖြစ်ပြီး အရင်နှစ်တွေကလည်း မိုးဆက်တိုက်ရွာတာနဲ့ ရေကြီးတာတွေ ရှိတယ်လို့ သိရပါတယ်။