Home
မြန်မာသတင်း
ယောဒေသတခုလုံးကို ကိုယ်စားပြုသည့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဖွဲ့စည်း
DVB
·
August 11, 2021

ယောဒေသတခုလုံးကို ကိုယ်စားပြုတဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကို ဖွဲ့စည်းကြောင်း ဩဂုတ် ၁၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ယောနယ်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ကျော၊ လောင်းရှည် စတဲ့ မြို့နယ်၊ မြို့ဧရိယာနယ်နိမိတ်အတွင်းရှိ ယောဒေသ၊ ယောလူမျိုးအကျိုးကို အမှန်တကယ်လိုလားပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို လိုလားသူများစုပေါင်းကာ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကို ဖွဲ့စည်းလိုက်တာပါ။

YPDF အနေနဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ တတပ်တအားပါဝင်ဆောင်ရွက်သွားမှာဖြစ်သလို ယောဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများအပါအဝင် ပြည်သူများအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ CDM ပြည်သူ့ဝန်ထမ်းတွေကို အပြည့်အဝ ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ (EAOs) အပြင် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒေသခံ PDF တွေနဲ့ ချိတ်ဆက်ကာ မဟာမိတ်အဖြစ် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသတွင်းလူသတ်အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုယန္တရား၊ ပျူစောထီးတွေနဲ့ သတင်းပေး ဒလန်တွေကို NUG အစိုးရရဲ့ကြားကာလအစီအမံတွေအတိုင်း အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Yaws' People Defense Force-YPDF) အောက်မှာ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ကျော၊ လောင်းရှည် စတဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုးချဲ့ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024