Home
ဆောင်းပါး
မြန်မာစစ်တပ်ကို ဘယ်လိုဖျက်မလဲ၊ ဘာကြောင့် ဖျက်သိမ်းသင့်သလဲ
DVB
·
August 9, 2021

မြန်မာစစ်တပ်ကို ဘယ်လိုဖျက်ကြမလဲ

အကြမ်းဖက်လူသတ် ဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာကို ၂၀၂၃ အထိ ယူထားမယ်လို့ အတိအလင်းပြောသွားတယ်။ ၂၀၂၂ အကုန်ရောက်ရင်လည်း ၂၀၂၅ အထိ ထပ်တိုးဖို့ ရှိမှာပဲ။ တပ်မတော်လို့ခေါ်တဲ့ အကြမ်းဖက်စစ်တပ်ဟာ မြန်မာပြည်သူတွေအားလုံးအပေါ်မှာ အစဉ်အမြဲ ရန်သူလို့ သတ်မှတ်ခဲ့တာ။ စစ်တပ်မှာ ဖက်ဆစ် သန္ဓေပါလာတယ်။ ဂျပန် train ဖြစ်တာလည်း ပါမယ်။ ၁၉၆၂ မှာ နေဝင်း အာဏာသိမ်းလိုက်ကတည်းကစလို့၊ စောမောင်၊ သန်းရွှေ၊ ခင်ညွန့်၊ အခု မင်းအောင်လှိုင်အထိ သူတို့တစ်ဦးချင်းစီရဲ့ စိတ်သဏ္ဍာန်မှာ ပြည်သူတွေဟာ လိုသလို ဖိနှိပ်နိုင်တဲ့ subject တွေလို့ မှတ်ယူကြသလို၊ စစ်တပ်ထဲက ဒုဗိုလ်အဆင့်ကစလို့၊ ကစထ မှူး၊ ညှိကွပ်အဆင့်အလယ်၊ ဒုချုပ်၊ ကာချုပ်အထိ ကလည်း ပြည်သူဟာ သူတို့ စစ်ခင်းချင်သလို ခင်းလို့ရတဲ့ ကျွန်တွေလို့ သတ်မှတ်ကြတာ။ ဒါတွေဟာ ရမ်းကာ သမ်းကာပြောနေတာမဟုတ်ဘူး၊ စစ်တပ်ထဲမှာ ကျွန်သဘောက်အဆင့်လောက် ဆက်ဆံခံရတဲ့ ဗိုလ်အဆင့်၊ ဗိုလ်ကြီးအဆင့်ကနေ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်ကြီးအဆင့်အထိတွေရဲ့ ပြောစကားတွေ၊ အမူအရာ၊ အပြုအမူတွေ၊ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေရဲ့ လမ်းမကြီးတွေပေါ်မှာ “မင်းတို့မိန်းမတွေ၊ သမီးတွေကို မုဒိန်းကျင့်ပစ်မယ်” “သေရဲတဲ့ကောင်ထွက်ခဲ့” လို့အော်ဟစ်ကြတဲ့ အကြပ်၊ စစ်သားတွေရဲ့ လုပ်ရပ်တွေ၊ တိုင်းရင်းသားဒေသတွေမှာ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေက သက်သေပဲ။

စစ်တပ်ဟာ ဖျက်ပစ်မှကို ရမယ့် အင်စတီကျူးရှင်းဆိုတာ အသေအချာပဲ။ တချို့က ပြောတယ်၊ စစ်တပ်ကို ဖျက်ဖို့ logistic အရ မဖြစ်နိုင်ဘူးဆိုတာ။ မဖြစ်နိုင်ဘူး၊ သိတာပဲ။ သိပ်ခက်ခက်ခဲခဲစဉ်းစားစရာတောင်မလိုဘူး။ မဖြစ်နိုင်လို့ မဖျက်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ပြီးခဲ့တဲ့ ၈ နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ အပေးစားခံပြီး စစ်တပ်ကို တတ်နိုင် သမျှစည်းရုံးသိမ်းသွင်းတာပဲ။ ဖျက်လို့ မလွယ်ဘူးဆိုတာ သူလည်းသိတာပဲ။  ဒီလောက် ညင်ညင်သာသာနဲ့ သိက္ခာရှိရှိ၊ လူဆန်ဆန် ပြောင်းလဲဖို့ စည်းရုံးတာတောင်၊ နောက်ဆုံး ဒီဘူတာ ဆိုက်တာပဲ။

ဆက်စပ်လို့ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်နဲ့ပေးစားလွန်းမက ပေးစားတဲ့ CSO အသိုင်းအဝိုင်းထဲက လူတွေ (မှတ်ချက် - ထူးဆန်းတာက အဲဒီ CSO အသိုင်းအဝိုင်းထဲကလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားအစိုးအရအပေါ်မှာ အာကျယ်ပြီး စွာရဲသလောက် စစ်တပ်ကိုတော့ တို့ထိရမှာ အလွန်ရွံ့ကြတာဟာ အထူးစိတ်ဝင်စားဖွယ်ပါပဲ။ လက်သုံးစကားဖြစ်တဲ့ “စစ်တပ်ကတော့ ပြောစရာကိုမလိုအောင် ရိုင်းစိုင်းနေလို့” ဆိုတာကိုသုံးပြီး လက်တွေ့မှာ စစ်တပ်ကို တိုက်ရိုက်စိန်ခေါ်တာမျိုးလည်းမတွေ့ရသလို၊ ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ ကြေညာချက်တစ်ခု တစ်လေတောင် မတွေ့ရ။)  အလွန်လေးစားကြည်ညိုကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ဒီဖက်ဆစ် စစ်တပ်ကို ဖျက်လို့မရဘူးဆိုတာ သိတာပဲ။ ဒါကြောင့်လည်း သူတို့လည်း တစ်ဖွဲ့ချင်းစီနဲ့ ကိုက်ညီမယ့် ဗျူဟာနဲ့ သွားနေကြတာ။

စစ်တပ်ကို ဖျက်လို့ရတယ်၊ မရဘူး ဘယ်လိုပဲ ငြင်းခုန်နေကြပါစေ၊ သဘောတရားအပိုင်းမှာတော့ ဖျက်ပစ်မှရမယ့် အင်စတီကျူးရှင်းဆိုတာ အရင်းဆုံး ရှင်းလင်းနေဖို့လိုတယ်။ ပြီးမှ လက်တွေ့ဘယ်လိုဖြစ်အောင်လုပ်မလဲ ဆိုတဲ့ အပိုင်းသွားရမှာ။ 

လက်တွေ့အပိုင်းမှာတော့ သေချာတာက စစ်တပ်ကို ဖျက်ဖို့က foreign power မပါဘဲတော့ မလွယ်ဘူး။ foreign power ပါရင် အချိန်မြန်မယ်။ မပါရင် အချိန်ယူရလိမ့်မယ်။ မြန်မြန် ဖြစ်ချင်တဲ့ ဆန္ဒတွေရှိပေမယ့် လက်တွေ့ကျကျ တော့လည်း စဉ်းစားဖို့လိုပါတယ်။ အထူးသဖြင့် လက်တွေ့ကျကျ လုပ်နိုင်မယ့်လူတွေများများလိုပါတယ်။ အရမ်း abstract ဖြစ်တဲ့ (စိတ္တဇဆန်တဲ့) နိုင်ငံရေးအိုင်ဒီယိုလိုဂျီတွေ၊ နိုင်ငံရေးစနစ်တွေ (ဖက်ဒရယ်တို့၊ ဒီမိုကရေစီတို့) ကို ထိုင်ပြောနေပြီး၊ အချိန်တွေအရမ်းကုန်မှာမျိုးဟာ မဖြစ်သင့်ဘူး။ ပြောသင့်သလောက်ပြောရင် ရပြီထင်ပါတယ်။ နောက် ဝေဖန်ရေးနဲ့ လေကန်ရေးကိုပဲ နိုင်ငံရေးထင်နေသူတွေများနေရင်လည်း မဟုတ်သေးဘူး။ ဝေဖန်တယ်ဆိုတာ အရမ်းလွယ်ပြီး “လေ” ပဲစိုက်ရတာ။ ဘာမှလည်း အားထုတ်စရာမလိုဘူး။ ကိုယ်ထင်တာတွေကို လျှောက်ပြောနေရုံပဲ။ မြေပြင်မှာ ဖြစ်နေတာနဲ့ ကိုက်သော်ရှိ၊ မကိုက်သော်ရှိ ပါးစပ်ကနေ လျှောက်ပြောပြီး လေပေါ နိုင်ရင်ရပြီ။ အခုအချိန်က “လေ” သမားတွေ မလိုဘူး။ လက်တွေ့ operation သမားတွေလိုအပ်တာ။ 

ဘယ်လိုတိုက်မှာလဲ၊ ဘယ်ကပိုက်ဆံနဲ့တိုက်မှာလဲ၊ ပိုက်ဆံဘယ်လိုရှာမလဲ၊ (CRPH က အလှူခံထားတဲ့ ၉ သန်းဟာ တစ်ကယ်တိုက်ရပြီဆိုရင် အသေးသုံးပဲရမယ်။) ရှာထားတဲ့ ပိုက်ဆံကို မှန်ကန်မျှတစွာ စနစ်တကျ ဘယ်လိုခွဲဝေမလဲ။ Transaction တွေ ဘယ်လိုလုပ်မလဲ၊ လူသူလက်နက် ဘယ်လိုစုဆောင်းမလဲ၊ စုဆောင်းထားတဲ့ လူသူလက်နက်တွေရဲ့ အင်အားကို maximum value ရအောင် ဘယ်လိုစီမံမလဲ၊ စစ်ရေးမဟာဗျူဟာ/နည်းဗျူဟာတွေကို ဘယ်လိုဆွဲမလဲ၊ Command structure ဘယ်လိုတည်ဆောက်မလဲ၊  စစ်ရေးနဲ့ နိုင်ငံရေး ဘယ်လိုပေါင်းစပ်ပြီးသွားမလဲ၊ စသဖြင့်စသဖြင့်။ ဒါတွေက အခုရေးလိုက်ရတာ စာလေး ၄ ကြောင်းထက်မပိုပေမယ့် လက်တွေ့ကျကျ အဖြေပေးဖို့ကျတော့ အလွန်ခက်တယ်။ လက်တွေ့ကျကျ အလုပ်လုပ်မယ့် operation သမားတွေက လုပ်ရတာ။ logistic နဲ့ management မပိုင်ဘဲ စစ်တိုက်လို့မရဘူး။ မပိုင်ဘဲ တိုက်လည်း ရှုံးမှာပဲ။ 

ဗီယက်နမ်စစ်ပွဲဟာ foreign power တွေပါတဲ့ proxy war တစ်ခု။ နှစ် ၂၀ ကြာတယ်။ စူပါပါဝါကို ဘာလို့ အနိုင်တိုက်နိုင်သလဲဆိုတာကို သေချာစေ့စေ့ငှငှ လေ့လာကြည့်ဖို့ကောင်းတယ်။ resource mobilization လုပ်သွားပုံ၊ logistic လမ်းကြောင်း (Ho Chi Minh Trail) တည်ဆောက်သွားပုံတွေဟာ အတုယူမယ်ဆိုရင် ယူလို့ရတယ်။ ကိုယ့် context နဲ့ကိုက်အောင် တော့ ပြောင်းသုံးနိုင်ရမှာပေါ့။ 

မည်သို့ဆိုစေ၊ ဆက်ပြီးတော့ ချီတက်ကြရဦးမယ်။ သေချာတာတစ်ခုကတော့ ပြည်သူရယ်၊ CRPH ရယ်၊ NUG ရယ်၊ တော်လှန်ရေးသစ္စာတည်ကြည်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရယ် စုပေါင်းပြီး လုပ်ကြမှရမှာ။   မဟုတ်ရင် ဟိုတစ်စ၊ ဒီတစ်စနဲ့ စစ်တပ်အကြိုက်ပဲဖြစ်သွားမှာ။ ပြည်သူကိုယ်တိုင်ကလည်း ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကြ ရလိမ့်ဦးမယ်။ ကမ္ဘာ့ဘယ်နေရာမှာ ရောက်သည်ဖြစ်စေ၊ ဒီတော်လှန်ရေးအတွက် လက်တွေ့ကျကျ အလုပ်ဖြစ်မယ့် ပံ့ပိုးမှုတွေလည်း လုပ်ကြဖို့လိုတယ်။

မြန်မာစစ်တပ်ကို  ဘာကြောင့် ဖျက်သိမ်းသင့်သလဲ

မြန်မာစစ်တပ် (တပ်မတော်)ကို ဘယ်လိုဖျက်သိမ်းမလဲဆိုပြီး ရေးခဲ့ရာမှာ CRPH/NUG/PDF တွေကို ဘယ်လိုလက်တွေ့ကျကျပံ့ပိုးသင့်ကြောင်း ဖော်ပြခဲ့ပါတယ်။ အခုတော့ “စစ်တပ်ကို ဘာကြောင့် ဖျက်သိမ်းဖို့လိုသလဲ” ဆိုတာကို နည်းနည်းဆဝါးကြည့်ချင်ပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ နိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ တပ်မတော်တွေကို ဖွဲ့စည်းထားရှိကြတယ်။ ကမ္ဘာမှာ တည်ထောင်ထားသမျှ အမျိုးသားနိုင်ငံတော် (nation-state) တွေကိုကြည့်လိုက်ရင် လက်နက်နဲ့ တည်ထောင်ထားကြတဲ့ နိုင်ငံတွေဟာ super majority ဖြစ်ပါတယ်။  အမျိုးသား နိုင်ငံတော်တွေကို တည်ထောင်ခဲ့တဲ့ အခါမှာလည်း စစ်တပ်တွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတာပါ။ နိုင်ငံတွေမှာ ကျင့်သုံးတဲ့ စနစ်တွေကို လိုက်ပြီး စစ်တပ်တွေရဲ့ အရည်အသွေးတွေဟာလည်း ကွာခြားကြတာရှိတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာတော့ စစ်တပ်တွေဟာ ဂုဏ်သိက္ခာရှိရှိ၊ အရည်အသွေးရှိရှိနဲ့ သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ကြပါတယ်။ မြန်မာနိုင်ငံ အပါအဝင် ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေမှာတော့ စစ်တပ်တွေဟာ လက်နက်ကို အားပြုပြီး အာဏာတည်ဆောက်ကြတယ်။ စစ်ခေါင်းဆောင်တွေဟာလည်း နိုင်ငံတော်ထဲမှာရှိတဲ့ ရင်းမြစ်အားလုံး (နိုင်ငံသားများအပါ)ကို စိုးမိုးတဲ့ အာဏာရှင်တွေဖြစ်ကြတယ်။

စစ်တပ်တစ်ခုကို စစ်တပ်လို့ သတ်မှတ်ဖို့ ဘယ်လို အရည်အချင်းတွေ လိုအပ်သလဲ၊ လက်နက်ရှိတယ်၊ ယူနီဖောင်းဝတ်ထားတယ်၊ စစ်တပ်လို့ နာမည်တပ်ထားတယ်၊ ဒါနဲ့ပဲ စစ်တပ်တစ်ခုအဖြစ် သတ်မှတ်ထိုက်ပြီလား၊ စစ်တပ်နဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့နဲ့ကြားမှာ ကွာခြားချက်တွေက ဘာတွေရှိလဲ၊ စတဲ့ မေးခွန်းတွေကို မဆန်းစစ်ဘဲ လက်နက်ကိုင်အဖွဲ့တစ်ခုကို စစ်တပ်လို့ သမုတ်လို့ မရစကောင်းဘူး။ 

စစ်တပ်နဲ့ စစ်တပ်မှာတာဝန်ထမ်းဆောင်ကြတဲ့ စစ်သားတွေအဖို့ အသက်နဲ့ထပ်တူ အလေးထားရတာက သူတို့ရဲ့ သစ္စာလို့ နားလည်တယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို ဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးတဲ့အခါ သစ္စာရှိစွာ တာဝန်ထမ်းဆောင်နိုင်မှ စစ်သားလို့ ခေါ်ထိုက်တယ်။ စစ်သားတစ်ယောက်ဟာ မိမိတို့က ကာကွယ်ပေးပါမယ်လို့ သစ္စာဆိုထားတဲ့ ပြည်သူနဲ့ နိုင်ငံတော်အပေါ်မှာ သစ္စာမဖောက်ရဘူး။  နောက်တစ်ချက်က သူရသတ္တိ။ သူရသတ္တိရှိတဲ့ စစ်သားဆိုတာ ရန်သူနဲ့ ရင်ဆိုင်တွေ့ရင်တောင် ရန်သူကို နောက်ကျောကနေ ဓားနဲ့ မထိုးရဘူး။ မျက်နှာချင်းဆိုင် စိန်ခေါ်ပြီး ရင်ဆိုင်ရဲရတယ်။ ဒီသဘောတရားကို ရှေးယခင်ကတည်းက စီးချင်းထိုး တဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားတယ်။ NLD က ဦးဉာဏ်ဝင်းကို ထောင်ထဲမှာထည့်ထားပြီး သတ်တဲ့ ကိစ္စဟာ အလွန့်အလွန် သူရဲဘောင်ကြောင်တဲ့ ကိစ္စပဲ။ စစ်သားစစ်စစ်တွေဟာ ဒါမျိုးမလုပ်ဘူး။

လက်နက်ရှိသူချင်း စစ်တိုက်တာ တိုက်လို့ရတယ်။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ပဲတိုက်တိုက်၊ အခု နောက်ပေါ်လာတဲ့ PDF တွေနဲ့ပဲတိုက်တိုက် ပြဿနာမဟုတ်ဘူး။ စစ်တိုက်ပြီဆိုမှတော့ သူ့ဘက် ကိုယ့်ဘက် အကျအဆုံးရှိမယ်။ ဒါပေမဲ့ စစ်သားတွေဟာ လက်နက်မဲ့သူကို လက်နက်ကိုင်ပြီး စိန်မခေါ်ရဘူး။ သေနတ်ကြီးတွေကိုင်ပြီး တုတ်တစ်ချောင်းမရှိတဲ့ လက်နက်မဲ့ ပြည်သူကို “သေရဲတဲ့ကောင်ထွက်ခဲ့” ဆိုပြီး ရပ်ကွက်ထဲဝင်အော်သူတွေကို စစ်သားတွေလို့ ခေါ်လို့မရဘူး။ 

မြန်မာစစ်တပ်ရဲ့ သူရဲဘောင်ကြောင်ပုံတွေ၊ သူရသတ္တိ လုံးလုံးကုန်ခမ်းနေပုံတွေ၊ နိုင်ငံတော်နဲ့ ပြည်သူတွေအပေါ် သစ္စာပျက်ယွင်းနေပုံတွေ အစရှိသဖြင့်ကို ထပ်ပြောရင် ကုန်နိုင်မယ်မထင်ဘူး။ ဒါတွေဟာ စစ်တပ်အပေါ် ဒေါသဖြစ်လို့ (ဒေါသာဂတိ) မို့လို့ ပြောနေတာမဟုတ်ဘူး။ နှစ်ပေါင်း ၆၀ ကျော်မှာ မြန်မာစစ်တပ်လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေကို၊ ပြည်သူအပေါ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ထောက်ချင့်ကြည့်ရင် အချက်အလက်အားဖြင့်ကို စစ်တပ်ဟာ စစ်တပ်မဟုတ်ဘူး။

ဒါဆိုရင် စစ်တပ်မဟုတ်တဲ့ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ကို စစ်တပ်ဆိုပြီး ထည့်စဉ်းစားလို့မရဘူး။ ဒါကြောင့် ဒိုင်ယာလော့ကြောင့်ပဲဖြစ်ဖြစ်၊ စစ်ရေးကြောင့်ပဲဖြစ်ဖြစ်၊ နှစ်ခုလုံးကို ပေါင်းစပ်နိုင်လို့ပဲဖြစ်ဖြစ် နွေဦးတော်လှန်ရေးအောင်မြင်သွားတဲ့အခါ စစ်တပ်ကို ဖျက်ပစ်မှကိုရမယ်။ စစ်တပ်မဟုတ်တာကြီးကို စစ်တပ်အင်စတီကျူးရှင်းလို့ ဆက်ပြီး သတ်မှတ်လို့ကိုမရတာ။ ဆက်သတ်မှတ်မယ်ဆိုရင် paradox ဖြစ်ပြီး loop ထဲကို ပြန်ရောက်သွားမှာပဲ။ ဒီတစ်ကြိမ်မှာ အဲဒီ loop ကို ချိုးဖောက်ထွက်မှကိုရမယ်။ 

စစ်တပ်ကိုဖျက်တယ်ဆိုတာ အရပ်စကားနဲ့ပြောတာ။ technical သဘောမှာတော့ Security Sector Reform ကို ဆိုလိုချင်တာ။ စစ်သား ၃ သိန်းလုံးကို လက်နက်ဖြုတ်ပြီး အိမ်ပြန်ခိုင်းမှာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ စစ်တပ်ရဲ့ အခြေခံအကျဆုံး စုဖွဲ့မှုစနစ်ကနေစလို့ အဆင့်အမြင့်ဆုံး command structure အထိ ပြောင်းလဲပစ်ရမှာဖြစ်တယ်။

ဒါကြောင့် နွေဦးတော်လှန်ရေးအောင်မြင်တဲ့အခါ ဘယ်လိုမျိုး ညှိနှိုင်းမှုတွေရှိနေပါစေ၊ ဘယ်လိုမျိုး အပေးအယူတွေ ရှိနေပါစေ၊ လက်ရှိစစ်တပ်ကို ဖျက်သိမ်းပြီး Security Sector Reform ဆိုတာမပါဘဲနဲ့တော့ စစ်မှန်တဲ့ အောင်မြင်မှုလို့ ဆိုနိုင်မှာမဟုတ်ဘူး။

စာကြွင်း - ပုံက Burr-Hamilton Duel ပုံဖြစ်တယ်။ Code of Honor လို့ခေါ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ စည်းမျဉ်းအပေါ်မှာအခြေခံပြီး အမေရိကန်ပြန်ထောင်စုရဲ့  ဒုတိယသမ္မတ Aaron Burr နဲ့ ပထမဆုံး ဘဏ္ဍာရေးဝန်ကြီး Alexander Hamilton (Federalist Paper တွေရေးခဲ့သူ) တို့ စိန်ခေါ်ပြီး ပစ်ကြတဲ့ပွဲ။ ဒီလိုဂုဏ်သက္ခာမျိုး မြန်မာစစ်တပ်မှာ ရှိတယ်လို့ ယူဆနိုင်စရာ အချက်အလက် လုံးဝမတွေ့ရဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024