ဧရာဝတီတိုင်း၊ ပုသိမ်မြို့အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဥ်းသားတွေ ဇူလိုင်လကုန်ပိုင်းကစတင်ကာ ဖျားနာနေကြပြီး ဆေးကုသမှု အလုံလောက်မရကြဘူးလို့ အကျဉ်းကျနေသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ပုသိမ်အကျဥ်းထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသားတွေကို သီးသန့်ခွဲထားတာမျိုးရှိပေမယ့် ဖျားနာချိန်မှာ ဆေးကုသမှုအလုံအလောက်မရရှိဘူးလို့ နိုင်ငံရေးအကျဥ်းသားတစ်ဦးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
“ပြန်ထွက်လာတဲ့သူတွေနဲ့ စာထည့်ပေးလိုက်လို့ သိရတာ၊ အထဲမှာ ဖျားနေတဲ့သူများတယ်။ ကိုဗစ် ဟုတ်၊ မဟုတ်ဆိုတာ ဆေးစစ်မှ သိရမယ်၊ ခုက ဘာဖြစ်နေလဲဆိုတော့ ဆေးသေချာကုမပေးတာ” လို့ ပြောပါတယ်။
ပုသိမ်အကျဥ်းထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသား တော်တော်များများဖျားနာနေတာကို ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က ပြန်လွတ်လာသူတွေနဲ့ စာထည့်ပေးလိုက်လို့ သိရတာဖြစ်ပြီး ဆေးဝါးကုသမှုအလုံအလောက်မရှိတဲ့အပြင် ထမင်းလည်း ဝအောင်မကျွေးဘူးလို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ကြံခင်းမြို့က ရဲတပ်သား သူရိန်လင်းနဲ့ ဒုတပ်ကြပ် တာရာလင်းတို့ ညီအစ်နှစ်ဦးလည်း ဖျားနာနေတာကြောင့် တွေ့ခွင့်ပေးဖို့ မိသားစုက တောင်းဆိုပါတယ်။
သူတို့ နှစ်ဦးကို ဇူလိုင်လပထမပတ်က ပုဒ်မ ၅၀၅ (က)နဲ့ ထပ်မံတရားစွဲဆိုခံခဲ့ရပြီး တွေ့ဆုံခွင့်ပြုဖို့ ၉ ကြိမ်မြောက်တောင်းဆိုခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက တွေ့ခွင့်မပေးခဲ့ဘူးလို့ မိခင်ဖြစ်သူက DVB ကိုပြောပါတယ်။
“ကျမသား ၂ ယောက်ကို စဖမ်းကတည်းက တွေ့ခွင့်မပေးတော့တာ၊ ပြီးတော့ သွားလာဖို့ မလွယ်ကူတဲ့ ပုသိမ်ထောင်မှာ ထားတယ်။ တခေါက် လာရဖို့ မလွယ်ကူပါဘူး။ ခုဆို လာတွေ့တာ ၉ ခေါက်ရှိပါပြီ၊ တခါမှ တွေ့ခွင့်မပေးသေးဘူး။”
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဒေသခံလူငယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်ဖမ်းဆီးခံထားရတာလည်း ဖြစ်ပါတယ်။