ကယားပြည်နယ် ဖရူဆိုမြို့နယ်နဲ့ဘောလခဲမြို့နယ်တွေမှာ ဩဂုတ် ၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNDF က သတင်းထုတ်ပါတယ်။
ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးနဲ့ ဖရူဆိုမြို့နယ်ထားလဲကျေးရွာ၊ မားခရာရှေ့ကျေးရွာတို့မှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ စစ်ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၁ ဦး သေဆုံးကာ ၂၀ ဦးထက် မနည်းဒဏ်ရာရရှိခဲ့သလို ကား ၃ စီးလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဖော်ပြပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာနေ ပြည်သူတွေကို အကြမ်းဖက်ရိုက်နက်တာ၊ ပစ္စည်းတွေ ဖျက်ဆီးတာနဲ့ ငွေသားတွေကို လုယူတာ စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်တွေအနေနဲ့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်တို့မှာ ထိုးစစ်ဆင်နေပြီး တပ်အင်အားတွေ ဖြည့်တင်းနေတဲ့အတွက် ကရင်နီပူးပေါင်းတပ်တွေအနေနဲ့ ဒီလို ထိုးစစ်ဆင်လာမှုကို ဆက်လက်ရင်ဆိုင် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတင်းရှိဖို့လည်း အသိပေး ထုတ်ပြန်ထားပါတယ်။