စစ်ကိုင်တိုင်း၊ ကနီမြို့ပေါ် အထက ၁ ကျောင်းထဲ တပ်စွဲထားတဲ့ စစ်တပ်က ဩဂုတ် ၁ ရက်နေ့ည ၆ နာရီခွဲကျော်လောက်မှာ သေနတ်နဲ့ပစ်ခတ်တာကြောင့် လမ်းသွားနေတဲ့ ပြည်သူတစ်ဦး ကျည်ထိမှန် သေဆုံးသွားပါတယ်။
မျက်မြင်သူတစ်ဦးက “ကျနော်နဲ့ ကနီပြည်သူ့အားကစားကားကွင်းထောင့်က ကွမ်းယာဆိုင်မှာ ကွမ်းယာဝင်ဝယ်တော့ အတူဆုံဖြစ်လိုက်တာပေါ့။ ကိုယ်ကလည်း နယ်ဘက်ကဆိုတော့ ဘယ်သူဘယ်ဝါဆိုတာ မသိလိုက်ဘူးဗျ။ ကနီမြို့ပေါ်အမှတ် ၂ က ဖြစ်ဖို့များမယ်ထင်တယ်။ အသက်က ၃၀ ဝန်းကျင်လောက်ပေါ့။ သူကကွမ်းယာရလို့ မြို့ထဲဘက်အပြန် အထက ၁ ရှေ့ရောက်တော့ သေနတ်တွေနဲ့ ဝိုင်းထုကြတာ။ ပစ်တဲ့အချက်အရေတွက်က အများကြီးပစ်ကြတာ။ သေနတ်သံတွေဆူညံနေတာပဲ။ အပစ်ခံရတဲ့သူကတော့ ကနီမြို့လယ်လမ်းပေါ်မှာ လဲကျနေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဩဂုတ် ၁ ရက်နေ့ညနေပိုင်းကလည်း မြို့ပေါ်မှာ တပ်စွဲထားတဲ့ တပ်သားတွေဟာ အရက်သောက်စားပြီး ကနီမြို့လယ်လမ်းကနေ ဖြတ်သွားသူမှန်သမျှကို ဖမ်းဆီးကာ ဆက်ကြေးတောင်းသလို ငွေကြေး တောင်းခံနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရင်း ၃၃၊ ၄၄၊ ၉၉ စတဲ့ တပ်တွေဟာ ကနီမြို့နယ်အတွင်း ကျေးရွာတိုင်းနီးပါးကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ဇူလိုင် ၁ လအတွင်း အသတ်ခံရတဲ့ အပြစ်မဲ့ပြည်သူ ၆၀ ကျော် ရှိတယ်လို့ သိရပါတယ်။
Pra Jaw