ကနီမြိုနယ်အတွင်း ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့သူအားလုံးကို ၃ လနီးပါးအကြာ ဒီနေ့အထိ တွေ့ခွင့်မရသေးတာကြောင့် စိုးရိမ်နေကြပြီး အမြန်ဆုံးတွေ့ခွင့်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်၊ မင်းမကျေးရွာအနောက် စိမ့်အင်တိုင်တောပြင်နဲ့ ဇီးပင်တွင်းကျေးရွာက ပြည်သူတွေကို မေ ၁၀ ရက်နဲ့ ၁၂ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အသက်မပြည့်သူတွေနဲ့ အသက် ၇၀ ကျော်တွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒီနေ့အထိ ပြန်လွတ်မလာသေးသူ ၂၁ ယောက်ရှိနေပြီး တွေ့ခွင့်မရသေးဘူးလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
အဖမ်းဆီးခံရသူရဲ့ မိဘတဦးက “ကျနော်တို့ ဖမ်းဆီးခံရတဲ့နေ့ကစပြီး ဒီနေ့အချိန်အထိ လူချင်းတွေ့ခွင့်တရက်မှမရဘူးဗျ။ ထောင်ဝင်စာတောင် ကြားလူတစ်ယောက်နဲ့ လူကြုံပါးရတယ်။ လူချင်းတော့တွေ့ချင်တာပေါ့ဗျာ ဘယ်လိုပဲဖြစ်နေနေ။ လူချင်းတွေ့ရတော့ မိသားစုဝင်တွေ စိတ်ချမ်းသာရတာပေါ့ဗျာ။ အခုက ဘယ်လိုနေလို့ ဘယ်လိုထိုင်ရသလဲ မသိဘူးလေ။ ထောင်တွေမှာ ကိုဗစ်ကူးစက်တာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း တက်နေတော့ ပိုစိတ်မချမ်းသာရတာပေါ့ဗျာ။ ဖြစ်နိုင်ရင်တော့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးပါလို့ တာဝန်ရှိသူတွေကို အနူးအညွတ်တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ကနီမြို့နယ်အတွင်း မေလ ၁၀ ရက်နဲ့ ၁၂ ရက်တွေက မင်းမကျေးရွာ စိမ့်အင်တိုင်းတောပြင်နဲ့ ဇီးပင်တွင်းက ပြည်သူ ၃၁ ယောက်ကို လက်နက်တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးကာ မုံရွာအကျဉ်းထောင်မှာ ပို့ထားပါတယ်။
အဲဒီဖမ်းဆီးခံရသူ ၃၁ ယောက်ထဲက အသက်မပြည့်လူငယ်တွေနဲ့ အသတ် ၇၀ ကျော်အရွယ် ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၃၀ ရက်နေ့ကလည်း ဇီးပင်တွင်းကျေးရွာက အပြစ်မဲ့ပြည်သူ ၁၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဇီးပင်တွင်းဒေသခံတွေဆီကနေ သိရပါတယ်။