အရေးပေါ်ကာလ တာဝန်တွေထမ်းဆောင်ဖို့နဲ့ ရွေးကောက်ပွဲသစ်ထပ် ကျင်းပဖို့အတွက် ၂၀၂၃ ဩဂုတ်လအထိ အချိန်ယူရဦးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
စစ်တပ်က နိုင်ငံတော်အာဏာကို တရားသိမ်းယူခဲ့တဲ့ (၆) လပြည့် အထိမ်းအမှတ် အာဏာသိမ် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၁ ရက် ဒီနေ့ မနက်က နိုင်ငံပိုင် ရုပ်သံလိုင်းတွေ၊ မြန်မာ့အသံရေဒီယိုနဲ့ FM တွေက ထုတ်လွှင့်ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ပြောသွားတာပါ။
လူဦးရေတိုးနှုန်းနဲ့တွက်ကြည့်ရင် အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မဲဆန္ဒရှင်တွေကို မှတ်ပုံတင်လုပ်ပေးဖို့ ၁၈ လကြာမြင့်နိုင်သလို၊ ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ်ကာလ ၁ နှစ်မှာ တာဝန်တွေကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးရင် နောက်ထပ် ၆ လထပ်တိုး ၂ ကြိမ်တိုးနိုင်တဲ့အပြင် ရွေးကောက်ပွဲအတွက်နောက်ထပ် ပြင်ဆင်ချိန် ၆ လပေးပြီး ဆောင်ရွက်ရပါမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
“ဒီကာလများကို တွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ်ဩဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာပါပဲ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ အခုလုပ်ငန်းစဉ်က လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရရှိသည့် ပါတီကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး၊ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အတွက် ကျနော်တို့ဟာ လွတ်လပ်တရားမျှတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးရပါမယ်၊ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ကြရပါမယ်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မယ်ဆိုတာ ကတိပြုပါတယ်။”
အရေးပေါ်ကာလတာဝန်တွေပြီးတဲ့အခါ အထွေထွေရွေးကောက်ပွဲကျင်းပပေးမှာဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကူညီကြဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် အတွက်အာမခံပြီးဖြစ်ပါတယ်၊ အရေးပေါ်ကာလလုပ်ဆောင်ရမယ့် တာဝန်တွေပြီးဆုံးတဲ့အခါမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပါမယ်။ ကြိုတင်ပြင်ဆင်ရမှာ များစွာရှိပါတယ်။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ ဒီမိုကရေစီနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကိုလိုလားတဲ့ မိဘပြည်သူအားလုံးက ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးကြပါ။”
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ကြောင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်မှာ ကြေညာထားပြီဖြစ်သလို ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီကိုလည်း ဖျက်သိမ်းဖို့ စီစဉ် ဆောင်ရွက်နေပါ်တယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဏာကို တရားမဝင်ရယူပြီး ၆ လအကြာ ဒီကနေ့မျာ အိမ်စောင့်အစိုးရအဖြစ်အပြောင်းလဲဖွဲ့စည်းလိုက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။