Home
မြန်မာသတင်း
ဇိုမီးတိုင်းရင်းသားခေါင်းဆောင် ပူကျင်ရှင်းထန် ကွယ်လွန်
DVB
·
August 1, 2021

ဇိုမီးတိုင်းရင်းသားခေါင်းဆောင် ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်တဲ့ ဇိုမီးဒီမိုရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ  ပူကျင်ရှင်းထန် အသက် (၈၃)နှစ်ဟာ  ဇူလိုင် ၃၁ ရက်နေ့က ကလေးမြို့ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတယ်လို့  ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝမ်းနည်းခြင်းသဝဏ်လွှာ ထုတ်ပြန်ကြေညာပါတယ်။ 

ပူကျင်ရှင်းထန်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီးနောက် နေပြန်ကောင်းလာရာကနေ  နေအိမ်မှာပဲ  မိသားစုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေစဉ် မနေ့ ညနေ ၅ နာရီလောက်က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ 

ပူကျင်ရှင်းထန်ကွယ်လွန်သွားတာဟာ  ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် ဇိုမီးအမျိုးသားတွေနဲ့ တိုင်းပြည်အတွက် အစားထိုးမရနိုင်တဲ့  ဆုံးရှုံးမှုကြီးအဖြစ် နှမျောသတခြင်း ကြီးစွာဖြင့် ယူကျုံးမရ ဖြစ်ရပါတယ်လို့  သူ့ရဲ့ ပါတီရဲ့က ထုတ်ပြန်ပါတယ်။ 

ပူကျင့်ရှင်းထန်ကို အဖဦးဆွမ်းဟန် အမိ ဒေါ်ညောင်ခန့်ကျိန်တို့ကနေ ၁၉၃၈ ခုနှစ် ဧပြီ ၆ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ဇမ်ပီးအစိုးရမူလတန်း၊ တီးတိန်အစိုးရအထက်တန်းကျောင်းနဲ့ မန္တလေး တိုင်းချစ်ကျောင်းတွေမှာ ပညာသင်ကြားခဲ့ပါတယ်။

၁၉၅၈ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး  ရန်ကုန်တက္ကသိုလ်မှာ ဆက်လက်ပညာသင်ကြားခဲ့ရာမှာ ၁၉၆၃- ၆၄ ခုနှစ်မှာ ချင်းကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပါတယ်။ ၁၉၆ ခုနှစ်မှာ ဝိဇ္ဇာဘွဲ့၊ ၁၉၆၈ ခုနှစ်မှာ ဥပဒေ ဝိဇ္ဇာ ( L.L.B ) ဘွဲ့ရရှိပါတယ်။ 

ပူကျင့်ရှင်းထန်ဟာ ကျောင်းသားဘဝထဲက နိုင်ငံရေးလှုပ်ရှားမှုနဲ့၊ တိုင်းရင်းသားအရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီး  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ အာဏာရှင် ဦးနေဝင်းကို အစဉ်တစိုက်ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားဘဝနဲ့ ဖက်ဒရယ်အရေးဆွေးနွေးတဲ့ တောင်ကြီး ညီလာခံမှာ ပါဝင်တက်ရောက်ခဲ့ပါတယ်။  နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်  ပူကျင့်ရှင်းထန်ကို စစ်အာဏာရှင်အစိုးရတွေက   ၁၀ ကြိမ်လောက် ဖမ်းဆီးထောင်ချခဲ့ပါတယ်။ 

၁၉၈၈ အရေးတော်ပုံမှာလည်း ပါဝင်ခဲ့ပြီး ရှစ်လေးလုံး အရေးအခင်းအပြီးမှာ ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) ပါတီကိုထူထောင်ခဲ့ကာ  ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက ဖော်ဆောင်ပေးခြင်းမရှိတဲ့အတွက်  အန်အယ်လ်ဒီအပါအဝင် အနိုင်ရတိုင်းရင်းသားပါတီတွေက  ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကိုဖွဲ့စည်းတည်ထောင်ခဲ့ချိန်မှာ ပူကျင့်ရှင်းထန်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပါတယ် ။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ပူကျင်ရှင်းထန်ဟာ တီးတိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ 

ပူကျင်ရှင်းထန်ဟာ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက် ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုရေစီ ပြည်ထောင်စုအရေးအတွက် ကျရာအခန်းကဏ္ဍကနေ ခိုင်မာစွာ ရပ်တည် ထမ်းဆောင်ရင်း  ဇိုမီးအမျိုးသားများ အပါအဝင် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးနဲ့ တိုင်းပြည်အပေါ် သမိုင်းပေးတာဝန်ကို ကျေပွန်ခဲ့သူဖြစ်တယ်လို့ ဇိုမီးဒီမိုရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ 

Photo-ZCD

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024