ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်နဲ့ ရွှေလင်ပန်း (၂၃) ရပ်ကွက် ရှိ စစ်တပ်ပိုင် Mytel tower တိုင် နှစ်တိုင်မှာ သြဂုတ် ၁ ရက် မနက် ၆ နာရီလောက်က မိနစ်အနည်းငယ်ခြားပြီး ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် အမှတ် (၁၀) ရပ်ကွက် တာဝါတိုင်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
အလားတူ မရမ်းကုန်းမြို့နယ်မှာလည်း အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ သြဂုတ် ၁ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။