မန္တလေးတိုင်း၊ မတ္တရာမြို့က ဆောက်လက်စ မြို့နယ် NLD ရုံး ဇူလိုင်လ ၃၀ ရက်နေ့ညက ဗုံးခွဲခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ည ၁၀ နာရီခွဲလောက်က အဆိုပါရုံးမှာ ဗုံးသုံးလုံးဆင့် ပေါက်ကွဲသံ ကြားလိုက်ရပြီးတဲ့နောက် သေနတ်သံ ၇ ချက်ကြားရတယ်လို့လည်း မြို့ခံတဦးက ပြောပါတယ်။
အဆိုပါနေရာမှာ ညနေကတည်းက လမ်းမီးဖြတ်ထားတာကြောင့် ရပ်ကွက်က လမ်းမီးမလာတာကို အကြောင်းကြားခဲ့ပေမယ့် လမ်းမီးထွန်းမပေးခဲ့ဘူးလို့လည်း သိရပါတယ်။
အဲ့ဒီလို ဗုံးသံ သေနတ်သံတွေ ထွက်လာပြီး ခဏအကြာမှာတော့ မြို့နယ်အတွင်းက စစ်ကောင်စီ တပ်တွေ ရောက်ရှိလာခဲ့ပြီး လမ်းမီးတွေ ပြန်လင်းလာတယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ သေနတ်ပစ်ခတ်မှုတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်တစ်ရက် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ လေးနာရီကတည်းက ချိတ်ပိတ်ခံခဲ့ရတာ ဖြစ်ပါတယ်။