Home
မြန်မာသတင်း
ရေးမြို့တွင် ကိုဗစ်ကူးစက်မှုနှင့်သေဆုံးနှုန်း ဆက်မြင့်၊ အစားအသောက်နှင့်ဆေးဝါးအကူလိုအပ်
DVB
·
July 30, 2021

မွန်ပြည်နယ်  ရေးမြို့နယ်မှာ ဇူလိုင် ၂၉ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄၃ ဦး တွေ့ရှိပြီး တရက်တည်း ၆ ဦးထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရောဂါကူးစက်ခံထားရတဲ့သူတွေမှာ မြို့ပေါ်ရပ်ကွက် အားလုံးနီးပါးနဲ့ ကျေးရွာ ၁၀ ရွာလောက်ကဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးရှိတဲ့ ကျေးရွာတွေမှာ ရောဂါ ပိုမိုကူးစက်နှုန်း များလာတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ကိုဗစ်ကုသရေးစင်တာတွေ ဖွင့်လှစ်ထားပေမယ့် ရောဂါကူးစက်မှုက ဆက်လက် မြင့်တက်နေတာလို့ ဆိုပါတယ်။

ပိုးတွေ့လူနာနဲ့ ထိတွေ့ထားတဲ့ မိသားစုဝင်တွေကို ရောဂါပိုးရှိမရှိ စစ်ဆေးဖော်ထုတ်တာတွေလည်း မရှိတော့သလို အသွားလာကန့်သတ်ထားတာကြောင့် နေအိမ်တွေမှာ ကိုယ့်ဘာသာကိုယ် ကုသနေရတဲ့ လူနာတွေနဲ့ မိသားစုဝင်တွေဟာ  စားသောက်ရေးနဲ့ ဆေးဝါးအကူညီ လိုအပ်နေတယ်လို့  ပိုးတွေ့လူနာရှင် မိသားစု၀င်တဦးက ပြောပါတယ်။

ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်တာကြောင့် ဆေးရုံမှာ ကုသရေးအပိုင်း ဆရာဝန်နဲ့ သူနာပြုတွေ မနိုင်မနင်းဖြစ်နေကြပြီး စေတနာ့ ၀န်ထမ်းတွေလည်း နေ့ညမပြတ် လေထဲမိုးထဲမှာ အပြင်းထန်ရုန်းကန်နေရကြရတယ်လို့ ပရဟိတသမားတဦးက ပြောပါတယ်။

ရေးမြို့မှာ သံဃာတော်တွေကအစ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြီး သေဆုံးသူအများစုက ရောဂါခံရှိတဲ့ အသက် ၄၀ ကျော်ကနေ အသက် ၈၀ ကျော်တွေ အများဆုံး ဖြစ်ပြီး ရောဂါပြင်းထန်ပြီး နေအိမ်မှာ သေဆုံးတာတွေ များလာတယ်လို့ ဆိုပါတယ်။

နယ်ကျေးရွာဘက်တွေမှာလည်း လော့ဒေါင်းချထားပေမယ့် ကိုဗစ်-၁၉ ရောဂါ  ထပ်မံကူးစက်နေတာကြောင့် အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး ပိုမိုခက်ခဲလာနေတယ်လို့ သိရပါတယ်။

ရေးမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ဒီနေ့အထိ ၅၁၅ ဦး၊ ကျန်းမာရေး ပြန်ကောင်းမွန်လာသူ  ၂ဝဝ နဲ့  သေဆုံးသူပေါင်း  ၃၃ ဦးအထိ ရှိနေပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024