Home
မြန်မာသတင်း
အသက်အငယ်ဆုံး ပရဟိတစေတနာ့ဝန်ထမ်း
DVB
·
July 30, 2021

မောင်ထွန်းလင်းနိုင်သည် အရှေ့ဒဂုံမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တခုတွင် နေထိုင်သူဖြစ်ပြီး မိဘများမှာ ကျပန်းလုပ်ကိုင်ကြသည်။ မွေးချင်းမောင်နှမ ၄ ဦးအနက် အကြီးဆုံးဖြစ်ပြီး မောင်ထွန်းလင်းနိုင်က ဆဌမတန်းကျောင်းသားတစ်ဦးဖြစ်သည်။

မိဘများကနွမ်းပါးသည့်အတွက် ပညာသင်ယူရန် အခက်အခဲဖြစ်ခဲ့သော်လည်း ကျောင်းတက်ချင်ပြီး ပညာလိုလားသည့် မောင်ထွန်းလင်းနိုင်ကို မေတ္တာသဂ်ဟ ပရဟိတလူမှုကုညီရေးအသင်းက ကျောင်းထားပေးနိုင်ရန် ကူညီခဲ့ကာ စားဝတ်နေရေးမှအစ တာဝန်ယူပေးခဲ့သည်။

ပညာလိုလားသည့် မောင်ထွန်းလင်းနိုင်သည် ပရဟိတလူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း စိတ်အားတက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မေတ္တာသင်္ဂဟအသင်း၏ အသက်ငယ်ဆုံး စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့သည်။

ကိုဗစ်တတိယလှိုင်းရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင် လူအသေအပျောက်များစွာရှိခဲ့ပြီး ရန်ကုန်မြို့၌ တနေ့လျှင်  ၁၀၀၀ ခန့် ပျမ်းမျှ သေဆုံးနေကြောင်း နာရေးပရဟိအသင်းများအဆိုအရ သိရသည်။

မြို့နယ်အသီးသီးရှိ သုသာန်များတွင် အလောင်းများစုပြုံထပ်နေပြီး မီးသင်္ဂြိုဟ်စက်ပင်မနိုင်တော့သည့်အထိ သေဆုံးမှုများပြားခဲ့သည်။ မိသားစုဝင်များ အားလုံးနီးပါးဖျားနာနေကာ နာရေးသယ်ယူပို့ဆောင်ရန်ပင် မတတ်နိုင်တော့လောက်အောင် အခက်အခဲဖြစ်နေကြသည့် ပြည်သူအမြောက်အမြားရှိခဲ့ပြီး စေတနာ့ဝန်ထမ်းများမှာလည်း လက်မလည်နိုင်အောင်ပင် အလုပ်များခဲ့ကြရသည်။

ဆိုးရွားလှသည့် ကပ်ရောဂါဆိုး၏ နှိပ်စက်မှုဒဏ်ကို မကြောက်မရွံ့ မိမိကိုယ်ကျိုးကို မငဲ့ကွက်ဘဲ စွန့်လွှတ်စွန့်စား အနစ်နာခံပေးဆပ်ခဲ့ကြသည့် ပရဟိတ လူငယ်မောင်မယ်များစွာ ရှိခဲ့ပြီး မောင်ထွန်းလင်းနိုင်သည် ထိုစေတနာ့ဝန်ထမ်းများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။

အအိပ်အစားမမှန် ပင်ပန်းဆင်းရဲ ဒုက္ခများကြားမှ စိိတ်ပျက်ငြီးငွေ့ခြင်းမရှိဘဲ တက်ကြစွာနှင့် နာရေးကူညီမှု လုပ်ငန်းများကို မိမိအသက်အားပ ဓာနမထား စွန့်လွှတ်စွန့်စား ကူညီဆောင်ရွက်ပေးနေသူ အသက် ၁၄ နှစ်အရွယ်ရှိ ဆဌမတန်းကျောင်းသား မောင်ထွန်းလင်းနိုင်အကြောင်း တင်ပြလိုက်ပါသည်။

MPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024