တယ်လီနောကုမ္ပဏီ မြန်မာနိုင်ငံမှ တာဝန်မဲ့ထွက်ခွာဟု အရပ်ဖက်အဖွဲ့အစည်းများစွပ်စွဲ

တယ်လီနောမြန်မာဆက်သွယ်‌ရေးကုမ္ပဏီဟာ သူ့ရဲ့ဖုန်းခေါ်ဆိုအသုံးပြုသူ ၁၈ သန်းရဲ့အချက်အလက်တွေကို စစ်ကောင်စီအုပ်စုနဲ့ အဆက်အဆံရှိတဲ့ လက်ဘနွန်ကုမ္ပဏီ M1 Group ထံရောင်းချမယ့် အကြောင်း ကြေညာလိုက်ပြီးနောက်မှာ အပြင်းအထန် တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆူဒန်မှဆီးရီးယားအထိ အာဏာရှင်တွေ အပါအဝင် ဖောက်သည်တွေရှိတဲ့ လက်ဘနွန်ကုမ္ပဏီ M1 Group ကို တယ်လီနော ဝယ်ယူသုံးစွဲသူတွေရဲ့အချက်အလက်တွေပါ အပါအဝင် မြန်မာပြည်က ဆက်သွယ်ရေးစီးပွားရေးတခုလုံးကို ရောင်းချလိုက်တဲ့ နော်ဝေတယ်လီကွန်းကုမ္ပဏီကြီးကို မြန်မာနိုင်ငံကနေ တာဝန်မဲ့ ရှောင်ဖယ်ခြင်းလို့ ခေါင်းစဉ်တပ်ပြီး  အရပ်ဘက်အဖွဲ့အစည်းတွေက စွပ်စွဲလိုက်ပါတယ်။

တာဝန်သိတဲ့ သူ့ရဲ့စံနှုန်းတွေကို ချိုးဖောက်လိုက်တဲ့ နော်ဝေနိုင်ငံတကာစီးပွားရေးအုပ်စုကို စုပေါင်း လက်မှတ်ရေးထိုး တိုင်ကြားစာ တင်ထားတဲ့အဖွဲ့ပေါင်း ၄၇၄ ဖွဲ့ရှိတယ်လို့ တက်ကြွလှုပ်ရှားသူ ကိုရဲက ပြောပါတယ်။

ဒီတိုင်ကြားမှုကို အရေးကြီးကိစ္စရပ်တခုအဖြစ် စဉ်းစားပေးဖို့ နော်ဝေနိုင်ငံရဲ့ အမျိုးသားအဆင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ OECD ကို တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ 

သတ်ဖြတ်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ မဖြစ်ခင် M1 Group ထံ ရောင်းချတာကို ရပ်တန့်ရမယ် လို့လည်းဆိုပါတယ်။

တယ်လီနော မြန်မာနိုင်ငံကနေ ထွက်ခွာသွားရင် သူ့ရဲ့သုံးစွဲသူ ၁၈ သန်းအတွက် ခေါ်ဆိုသူတွေရဲ့အချက်အလက်တွေကို M1 Group ထံလွှဲပြောင်းပေးလိုက်မှာဖြစ်ပြီး အဲ့ဒီနောက် စစ်အုပ်စုက သတင်း အချက်အလက်တွေကို ရယူနိုင်ကာ  နှိပ်စက်ညှဉ်းပန်းဖမ်းဆီးရာမှာ ပြန်အသုံးပြုမှာကို  တက်ကြွလှုပ်ရှားသူတွေအကြား စိုးရိမ်ကြောက်ရွံ့မှုတွေ မြင့်တက်နေတာပါ။ 

တယ်လီနောကတော့ စစ်အုပ်စုရဲ့ အလွန်အကျွံ တောင်းဆိုချက်တွေကို လိုက်လျောခြင်းထက် သူ့လုပ်ငန်းတွေကို M1 Group သို့ ဒေါ်လာသန်း ၁၅၀ နဲ့ ရောင်းချမယ်လို့ ဒီလအစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

ကျွမ်းကျင်သူတွေနဲ့ စည်းရုံးလှုံ့ဆော်သူတွေရဲ့အဆိုအရ ဒီအချက်အလက်တွေဟာ စစ်အုပ်စုလက်ထဲမှာ အလွန်အန္တရာယ်ကြီးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖုန်းဆင်းမ်ကတ် မှတ်ပုံတင်ဖို့ ဖုန်းသုံးစွဲသူတွေရဲ့ အိုင်ဒီကတ်တွေကို ကုမ္ပဏီတွေဆီပေးဖို့ လိုအပ်တယ်ဆိုကတည်းက ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး လူ့အခွင့်အရေးကိုလည်း ဖောက်ဖျက်နေတာဖြစ်တယ်လို့ ဒီဆက်သွယ်ရေး အရောင်းအဝယ်ကို ဆန့်ကျင်ကန့်ကွက်သူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up