Home
မြန်မာသတင်း
စာရေးဆရာကြီး မင်းယုဝေ ကွယ်လွန်
DVB
·
July 29, 2021

မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာကြီး မင်းယုဝေဟာ ဒီကနေ့ ဇူလိုင် ၂၉ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဆရာကြီး မင်းယုဝေဟာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ ဇာတိ ဖြစ်ပြီး ၁၉၂၈ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့ကာ အသက် ၁၇ နှစ် အရွယ်ကတည်းက စာပေရေးသားခဲ့သူ ဖြစ်ပါတယ်။

စာပေလောကမှာ ထင်ရှားတဲ့ ငွေတာရီမဂ္ဂဇင်းကိုစတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်ထိ မြတ်မင်္ဂလာစာစောင်နဲ့ မင်္ဂလာမောင်မယ်ကျောင်းသားလူငယ်စာစောင် တွေမှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

         ဆရာကြီး မင်းယုဝေဟာ ၁၉၇၂ ခုနှစ်မှာ "ရေခပ်ချိန်ကဗျာများ"စာအုပ်နဲ့ အမျိုး သားစာပေဆုရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံခဲ့ရပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆရာကြီးရဲ့ နာရေးသတင်းအပေါ် စာပေအနုပညာအသိုင်းအဝိုင်းကရော၊ ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနဲ့  မြန်မာစာပေလောကအတွက် ကြီးစွာသော ဆုံးရှုံးမှုတရပ်ဖြစ် တယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေနေကြပါတယ်။

ဆရာ မင်းယုဝေ ရေးသား ထုတ်ဝေခဲ့သော ထင်ရှားသည့် စာအုပ်အချို့

ဘဝမာလာ ကဗျာများ (၁၉၄၉)၊

ငွေတာရီနှင့် တွဲဖက်၍ ရတနာကဗျာများ (၁၉၅၀)၊

ငွေတာရီနှင့် တွဲဖက်၍ အီစွတ်ပုံပြင်များ (၁၉၅၄)၊

ကမ္ဘာကျော် ဂရင်းညီနောင်ပုံပြင် ၁၀၀ (၁၉၈၄)၊

ဆရာ မင်းသုဝဏ်နှင့် တွဲဖက်၍ ကဗျာ ပရိယာယ် (၁၉၆၃)၊

အိမ်ပြန်ချိန် ကဗျာများ (၁၉၆၄)၊

ဆရာတိုက်စိုးနှင့် တွဲဖက်၍ မြန်မာစာမိတ်ဖွဲ့ (ပထမတွဲ ၁၉၆၅၊ ဒုတိယတွဲ ၁၉၆၆)၊

စာဆိုနှင့် သုတေသီ (၁၉၆၇)၊

တက္ကသိုလ် ဝင်းမွန်နှင့် တွဲဖက်၍ အာရှပုံပြင်များ (၁၉၆၇)၊

အိုမာခယမ် (၁၉၇၂)၊

ရာဇဂြိုဟ် (၁၉၇၅)၊

ကျဉ်းထဲကျပ်ထဲ (၁၉၇၅)၊

ရွှေကြက်ဖ ကလေးကဗျာများ (၁၉၇၆)၊

သူလိုလူများ (၁၉၇၉)၊

မင်္ဂလာရောင်ခြည် ဗုဒ္ဒဝင် ရုပ်ရှင် (၁၉၈၉)၊

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ ပုံပြင်များ (၁၉၉၂)၊

ဇာတ်ကြီး ဆယ်ဘွဲ့ အနှစ်ချုပ် (၁၉၉၅)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024