ခင်ဦးမြို့နယ် ကုန်းကြီးကျေးရွာမှာ ဇူလိုင် ၂၈ ရက်နေ့ ညနေပိုင်းက ရွာမှာ ပျူစောထီးအဖွဲ့ နယ်ခံခေါင်းဆောင်လို့ သတ်မှတ်ခံထားရသူ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူဟာ စစ်ကောင်စီတပ်နဲ့ အဆက်သွယ်ရှိနေပြီး ရိက္ခာ ထောက်ပံ့မှုတွေမှာ ကူညီနေသူဖြစ်ကာ ကုန်းကြီးကျေးရွာနဲ့ ခြေမြစ်ရင်းကျေးရွာကြားမှာ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့အတူ အသတ်ခံထားရတာလို့ ဆိုပါတယ်။
အသတ်ခံရတဲ့ အမျိုးသားဟာ "PDF အဖွဲ့တွေ ဘယ်သူဆိုတာ သိရင် လူကိုသာပြပါ ငါရှင်းမယ်" လို့ ရွာမှာ အမြဲ ကြုံးဝါးနေတတ်သူဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။
အဆိုပါ အခင်းဖြစ်ပွားရာရွာမှာ နယ်မြေခံရဲစခန်းလည်း ရှိနေပြီး ဘယ်အဖွဲ့က သတ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။
ခင်ဦးမြို့နယ်အတွင်း ကျီးကန်ရွာ၊ လောင်းရှည်၊ ကဘွက်၊ သရက်ကန်၊ ရွာသန်း၊ အုန်းပင်ကုန်း၊ ယောက်သွားအိုင်၊ ခင်ဦးအောင်ချမ်းသာ၊ ကုန်းကြီး၊ အိုင်ပေါက်ကြီး စတဲ့ရွာတွေက ၁ ယောက်စီနဲ့ နှောကုန်းရွာက ၂ ယောက်၊ စုစုပေါင်း ဒလန်ဆိုပြီးသတ်မှတ်ခံရသူ ၁၂ ယောက်အထိ အသတ်ခံထားရတယ်လို့ သိရပါတယ်။