Home
မြန်မာသတင်း
ရေဘေးကြုံနေရသည့် လှိုင်းဘွဲ့မြို့တွင် ကိုဗစ်ကြောင့် သေဆုံးသူများကို ခက်ခဲစွာသင်္ဂြိုဟ်နေရ
DVB
·
July 28, 2021

ရေကြီးနေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားတဲ့လူနာတွေကို ခက်ခက်ခဲခဲနဲ့ သွားရောက်သင်္ဂြိုဟ်နေရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လှိုင်းဘွဲ့) က ပြောပါတယ်။ 

ဒီကနေ့ တရက်တည်းမှာပဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ ၃ ဦး ရှိနေပြီး ရေကြီးနေတဲ့ကြားက ခက်ခဲစွာ ပို့ဆောင်ခဲ့ရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လှိုင်းဘွဲ့) ဥက္ကဋ္ဌ ကိုဝေယံလင်း (ခေါ်) လင်းလင်းက ပြောပါတယ်။ 

“အခုက ရေက တက်လာတော့ ကိုဗစ်နဲ့ဆုံးတဲ့လူနာတွေကို သွားပို့ဖို့ကလည်း ရေတွေကလည်း အကုန်လုံးတက်လာတယ်ဆိုတော့ ကျနော်တို့ သွားရေးလာရေးကလည်း အခက်အခဲရှိလာတယ်လေ။ ဒီမနက်ဆိုရင် ဒီနေ့က သုံးလောင်း သေတာပေါ့။ တလောင်းက မွတ်စလင်အဖွဲ့ကနေပြီး‌တော့ မွတ်လင်သင်္ချိုင်းမှာ သင်္ဂြိုဟ်တယ်။ ကျန်တဲ့ နှစ်လောင်းကကျတော့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဆိုတော့ ကျနော်တို့ နှစ်လောင်းလုံးကိုတင်ပြီးတော့ ရေလမ်းသွားဖို့က ချောင်းတွေဖြတ်ဖို့ ဝဲတွေဘာတွေရှိတော့ ကျနော်တို့ လူမှုကယ်ဆယ်ရေးက PPE ဝတ်တဲ့ ကလေးတွေကို ကျနော်စိတ်မချဘူးလေ။ ဆိုတော့ ကျနော်တို့က ရရင်ရသလို ကုန်းလမ်းတဝက်၊ ရေလမ်းတဝက်နဲ့ ကျနော်တို့ဘာသာ ကျနော်တို့မောင်းပြီးတော့ပဲ သွားပို့တာပေါ့။”

လှိုင်းဘွဲ့မြို့နယ်မှာ ကိုဗစ်တတိယလှိုင်း စဖြစ်ကတည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုတွေရှိနေပြီး လက်ရှိအချိန်မှာ အိမ်တိုင်းလိုလို ကိုဗစ်-ကူးစက်နေကာ တချို့ဆိုရင် အိမ်တွင်းမှာသာ ကြိတ်ပြီး ကုသနေကြတယ်လို့ ဆိုပါတယ်။ 

ကိုဗစ်တတိယလှိုင်းစဖြစ်ကတည်းက လှိုင်းဘွဲမြို့နယ်တွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၂၀ ကျော် ရှိနေပြီလို့လည်း ပြောပါတယ်။ 

ဒီလိုလူသေဆုံးမှု ကူးစက်မှုကြားကပဲ ဇူလိုင် ၂၆ ရက်နေ့စပြီး လှိုင်းဘွဲ့မြို့ရေကြီးလာတဲ့အတွက် ကိုဗစ်အပြင် ရေဘေးကြုံနေရတဲ့ပြည်သူတွေက ရေဘေးရှောင်စခန်းတွေမှာ သွားရောက် ခိုလှုံနေကြရတယ်လို့ ကိုဝေယံလင်းက ပြောပါတယ်။

“ရေတက်လာတဲ့နေ့ကစပြီး ကျနော်တို့ လှိုင်းဘွဲ့မှာ ရပ်ကွက် ၄ ရပ်ကွက်ရှိတာကိုး၊ အဲဒီ ၄ ရပ်ကွက်က အမှတ် ၃ ကျောင်းကို ပြောင်းတယ်၊ အခု ကိုဗစ် စည်းကမ်းတဲ့အညီ ကျနော်တို့ ရေဘေးချထားတဲ့နေရာ ၄ ခုမှာ ကျနော်တို့ချထားတာရှိတယ်။ တချို့ အဲဒီစာသင်ကျောင်းကနေတဆင့် နောက်တဆင့် ပြန်ပြောင်းရတာရှိတယ်လေ။ အောင်ဆန်းခန်းမရှိတယ်၊ လှိုင်းဘွဲ့မြို့မဘုန်းကြီးကျောင်းနားက မူကြိုကျောင်းမှာလည်း ပြောင်းထားတာရှိတယ်။ နောက်ပြီးတော့ လှိုင်းဘွဲ့ဗလီမှာလည်း ပြောင်းထားတာရှိတယ်။ နောက်ပြီး ကမုကချူးကျေးရွာနားမှာ အဲမှာလည်းသွားပို့ထားတာရှိတယ်။”

ဒီကနေ့အထိ လှိုင်းဘွဲ့မြို့ ၄ ရပ်ကွက်က လူဦးရေ ၆၀၀ နီးပါး ရေဘေးရှောင်နေရပြီး ကိုဗစ်ကူးစက်မှုတွေ မရှိအောင်လည်း ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ တမိသားစုစီနေလို့ရတဲ့နေရာ မိုးကာတွေ ကာထားပေးတယ်လို့ ပြောပါတယ်။ 

ရေဘေးဒုက္ခသည်တွေအတွက် အစားသောက်တွေကို တပ်မတော်ဘက်က ပို့ဆောင်ပေးနေတယ်လို့လည်း ဆိုပါတယ်။ 

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ဟာ နှစ်စဉ်လိုလို ရေကြီးရေလျှံမှုတွေ ဖြစ်လေ့ရှိပြီး ဒီနှစ်မှာတော့ မိုးများပြီး လှိုင်းဘွဲ့ချောင်းရေလျှံတက်တာ အရင်နှစ်တွေကထက် ပိုမြန်တယ်လို့ ပြောပါတယ်။

Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လှိုင်းဘွဲ့ )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024