ဇူလိုင် ၂၈ ရက်နေ့က ကနီမြို့နယ်၊ ချောင်းမကျေးရွာအနီးကနေ စစ်ကောင်စီတပ်တွေက PDF တပ်ဖွဲ့ ရှိတယ်ဆိုပြီး ကျေးရွာအတွင်းနဲ့ ရွာအပြင်ဘက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ချောင်းမရွာသားတစ်ဦးက “ကျနော်တို့ ချောင်းမကျေးရွာတောင်ဘက် ပျားရည်စုဆောင်းရေး အဆောက်အအုံထဲ တပ်စွဲထားတယ်ဗျ။ အဲဒီအထဲကနေ လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတယ်။ သူတို့အထင်ကတော့ PDF ရှိမယ်အထင်နဲ့ ပစ်တာနေမယ်။ အဲဒီလိုအထင်နဲ့တော့ ကျနော်တို့ အပြစ်မဲ့ပြည်သူတွေနေတဲ့ ရွာထဲတော့ လက်နက်ကြီးတွေနဲ့ မပစ်သင့်ပါဘူးဗျာ။ အခုဟာက အဝေးကနေ ပစ်နေကြတာ ထင်တယ်။ လက်နက်ကြီးအသံတွေကတော့ အခုထိ ကြားနေရတယ်။ ကျနော်တို့အိမ်လေးတွေကတော့ ဘယ်လိုနေမလဲမသိဘူး။ နှစ်ဖက်ကတော့ အခုအချိန်အထိ အခြေအနေက တင်းမာနေတုန်းပဲ။ ကျနော်တို့ပြည်သူတွေကတော့ ရွာထဲမဝင်ရဲသေးဘူးဗျ။ ဘာတွေပျက်စီးမယ်ဆိုတဲ့ စာရင်းလည်း မသိနိုင်သေးဘူဗျ။ အခုအချိန် အသက်လုပြေးနေရတာဆိုတော့ ဘာပစ္စည်းမှကို ကြည့်ချိန်မရဘူး” လို့ ပြောပါတယ်။
ကနီမြိုနယ် ချောင်မကျေးရွာအနီမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေ ဒီနေ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိနေပြီး စစ်ကောင်စီဘက်က အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ PDF အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ကနီမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ချောင်မ၊ သင့်ဝင်၊ မင်းမ၊ လည်ရှည်၊ တောင်ပြောက်ကျေးရွာတွေက ပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာကို ယာယီတိမ်းရှောင်နေရပါတယ်။