စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက အာဆီယံအမွေနှစ်စာရင်းဝင် အလောင်းတော်ကဿပအမျိုးသား သစ်တောဥယျာဥ်ထဲက သက်တမ်းရင့် သစ်ပင်တွေကို နေ့စဥ်လိုလို ခုတ်လှဲ သစ်ခိုးယူနေတာရှိတယ်လို့ အနီးဝန်းကျင်မှာရှိတဲ့ ကပိုင်ကျေးရွာဒေသခံရွာတွေထံက သိရပါတယ်။
သစ်ခိုးထုတ်သူတွေဟာ သစ်ပင်တွေကို ချိမ်းဆောတွေနဲ့ဖျက်လှဲပြီးနောက် ဆိုင်ကယ်တွေနဲ့ လမ်းကောင်းတဲ့ နေရာ အထိရောက်အောင်ပို့ပြီး လမ်းကောင်းရာနေရာကနေ ကားနဲ့တိုက်သွားကြလို့လည်း ဆိုပါတယ်။
ကပိုင်ကျေးရွာသားတစ်ဦးက “အခုလို ကိုယ်ကျိုးရှာနေတဲ့သူတွေက ခေတ်ပျက်နေတော့ ပိုပြီးလုပ်လို့ကောင်းနေတာ။ သူတို့အတွက်ကတော့ ဒီအချိန်က လွတ်လွတ်လပ်လပ်ပဲလေ။ ထိန်းသိမ်းထားတဲ့ ဥယျာဉ်ဆိုတော့ တန်ကြေးရှိတဲ့ နှစ်ရှည်အပင်တွေအများကြီးရှိနေသေးတာ။ တန်ကြေးရှိတဲ့အမွေနှစ်တွေကို တန်ကြေးထားစေချင်တယ်ဗျာ။ အခုဟာက အရင်ကလို သစ်တောစောင့်ဝန်ထမ်းလည်း မရှိတာဆိုတော့ လုပ်ချင်သလိုလုပ်နေကြတာ မကောင်ဘူးပေါ့”လို့ ပြောပါတယ်။
သစ်ခိုးထုတ်သူတွေဟာ ဒေသခံတွေ မဟုတ်ကြသလို ဗမာစကား ကျွမ်းကျင်ကျင် မပြောတတ်သူတွေနဲ့ လူမျိုးခြားတွေလည်း ပါတယ်လို့ နွားကျောင်းရင်း သစ်ခိုးသမားတွေနဲ့ ဆုံခဲ့တဲ့ ရွာသားတစ်ဦးက ပြောပါတယ်။
အလောင်းတော်ကဿဖအမျိုးသား ဥယျာဥ်ထဲမှာ သက်တမ်းရင့် ကျွန်း၊ ပိတောက်၊ သစ်ရာ၊ ပျဥ်းကတိုး၊ တမလန်းစတဲ့ အဖိုးတန်သက်တမ်းရင့်သစ်ပင်တွေရှိပြီး အဲ့ဒီ အလောင်းတော် ကဿပ အမျိုးသားသစ်တောဥယျာဥ်ကြီးဟာ ကနီမြို့၊ ယင်းမာပင်မြို့၊ ပုလဲမြို့၊ မင်းကင်းမြို့၊ ကလေးမြို့နဲ့ ဂန့်ဂေါမြို့ စတဲ့ မြို့နယ် ၆ မြို့နယ်တွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။
ဥယျာဥ်ရဲ့ အကျယ်အဝန်းကတော့ ဧရိယာစတုရန်းမိုင် ၅၄၁ ဒသမ ၆၂၄ မိုင် ကျယ်ဝန်းတယ်လို့ သစ်တောနဲ့ သက်ဆိုင်တဲ့ဌာနတွေရဲ့ ထုတ်ပြန်ထာတဲ့ကိန်းဂဏန်းတွေအရ သိရပါတယ်။