မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ကျေးရွာ ၁၀ ရွာထက်မနည်း ရေနစ်မြုပ်နေပြီး ဆေးဝါးနဲ့ သောက်ရေတွေ အရေးပေါ် လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက DVB ကို ပြောပါတယ်။
လက်ရှိမှာတော့ ကျိုက်မရောမြို့နယ်က ဦးလေး၊ ငါဗြေမ၊ ချောင်းနှစ်ခွ၊ ရွှေဝါချောင်း၊ ဖားဘောင်ကျေးရွာအပြင် ကျေးရွာအများစုမှာ မိုးရွာသွန်းမှုနဲ့အတူ အတ္တရံမြစ်ရေ ဆက်တိုက်မြင့်လာနေတာကြောင့် ရေနစ်မြှုပ်နေတာ ဖြစ်ပါတယ်။
ကျေးရွာအချို့မှာ ဇူလိုင် ၂၈ ရက်နေ့က ရေ ၁၀ ပေလောက်ထိ မြင့်တက်လာပြီး ရေနိမ့်ပိုင်း ကျေးရွာနေသူ အိမ်ထောင်စု ၅၀၀ နီးပါး ဘေးလွတ်ရာကို ကိုယ်ထူကိုယ်ထ ပြောင်းရွှေ့ထားရပါတယ်။
အဲဒီကျေးရွာမှာ ရေကြီးနှစ်မြှုပ်မှုကြောင့် သောက်ရေတွေ လိုအပ်နေသလို အချို့ကျေးရွာတွေမှာဆိုရင် ကိုဗစ်အတည်ပြုလူနာတွေ ရှိနေတဲ့အတွက်ကြောင့် ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတယ်လို့ ကျိုက်မရောမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက DVB ကို ပြောပါတယ်။
ဒါအပြင် ကျိုက်မရောမြို့နယ် ရပ်ကွက်အချို့မှာ ရေကြီးနေဆဲဖြစ်လို့ အိမ်ထောင်စု ၅၀ ကျော်ကို ကျိုက်မရောမြို့ အထကခွဲစာသင်ကျောင်းမှာ ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရပါတယ်။
ကျိုက်မရောမြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ရေကြီးတုန်းက ပြည်သူ ၃ ဦး သေဆုံးထားပါတယ်။