Live
Home
မြန်မာသတင်း
တရုတ်နိုင်ငံ ကျယ်ဂေါင်မှပြန်လာသူများပြားနေသဖြင့် အချိန်ကန့်သတ်ထားရ
DVB
·
July 28, 2021

တရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်ဂိတ်က ပြန်ထွက်ခွာခွင့်ပြုထားပေမယ့် ကျယ်ဂေါင်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးနီးပါး ပြန်တာကြောင့် သတ်မှတ်ထားတဲ့ အချိန်မှာ လူပြည့်ပြီး အချိန်မလောက်လို့  ရွှေလီဘက်က လူတွေကို အချိန်ကန့်သတ်ထားလိုက်ရပါတယ်။

ရွှေလီမြို့က ရွှေမြန်မာ အွန်လိုင်း အရေးပေါ် ကျန်းမာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ကိုချမ်းမြေ့က “ကျယ်ဂေါင်တံတားကနေ ပေးမဖြတ်တာမဟုတ်ဘူး။ ပေးဖြတ်မှာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာ ကျနော်တို့ ခွင့်ပြုထားတဲ့အချိန်က မြန်မာချိန် မနက် ၈ နာရီကနေ နေ့လယ် ၁၂ နာရီ ထိပဲ ဂိတ်က ဖွင့်ပေးတာ။ အဲဒီ ကိစ္စမှာ ခုလောလောလတ်လတ်မှာ ပြန်တဲ့လူ ကျယ်ဂေါင်က အကုန်လုံးနီးပါးပြန်နေတာ ဆိုတော့ဗျာ လူဦးရေ တအားများနေတယ်။ ထွက်တဲ့လူက။ လူဦးရေ ထွက်မယ့်လူက များနေတော့ ကျယ်ဂေါင်နဲ့တင် ကျနော်တို့ မနက် ၈ နဲ့ နေ့လည် ၁၂ နာရီ အထိက အချိန် ကပြည့်ကော။ အဲလို ပြည့်သွားတဲ့ အနေအထားမှာ ရွှေလီက လာတဲ့လူတွေကို ခဏတားထားတာ” လို့ ရှင်းပြပါတယ်။

ကျယ်ဂေါင်လူပါးသွားပြီး ပြန်မယ့် လူမရှိတော့ဘူးဆိုရင် ရွှေလီတံတားကို ဖွင့်ပေးမှာဖြစ်သလို အရေးကြီးလို့ ပြန်မယ့်လူဆိုရင်တော့ သတင်းပို့လာရင် မန်ဟီးရိုး ခိုးပေါက်နဲ့ ဝမ်တိန်ခိုးပေါက်တို့ ဘက်ကနေ တရားဝင်ဂိတ် မဟုတ်ပေမယ့် ပြန်လို့ရအောင် စီစဉ်ပေးနေတယ်ထပ်မံ ရှင်းပြပါတယ်။

တရုတ်ဘက်ခြမ်းမှ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ပြန်လာခွင့်ပြုတဲ့ ဒုတိယနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၅၆ ဦး စုစုပေါင်း ၁၁၅ ဦး နေရပ်ပြန်လာ ကြပါတယ်။

မူဆယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအနေနဲ့ ပြန်လာသူ အားလုံးအတွက် နေ့လယ်စာ အခမဲ့ စီစဉ်ပေးပြီး ပြန်လာသူတွေ အားလုံးက ကျယ်ဂေါင်မြို့က ဖြစ်တယ်လို့ မူဆယ် တရုတ်ကျောင်း ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့်က ပြောပါတယ်။ 

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတို့ ညှိနှိုင်းပြီး ကျယ်ဂေါင်၊ ရွှေလီမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင်ဂိတ်ပေါက် ဖြစ်တဲ့ နန်းတော်ပေါက် ကနေ ဇူလိုင်လ ၂၆ ရက်နေ့ မနက် ၈ နာရီကစ ပြန်ခွင့် ပြုတာပါ၊

ပထမနေ့မှာ ပြန်လာသူတွေ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၄၉ ဦးရှိကာ ကျယ်ဂေါင်မြို့မှ လာရောက် အလုပ်လုပ်ကိုင်သူတွေ ဖြစ်ကြပါတယ်။ 

Pra Jaw

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024