တကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ဒယ်လ်တာဗီဇမျိုးကွဲကြောင့် ကူးစက်နှုန်းနှင့် သေဆုံးနှုန်းအမြင့်ဆုံးဖြစ်ဟု ဗြိတိန်ပြော

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာဗီဇမျိုးကွဲဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဗီဇမျိုးကွဲတွေထဲမှာ အမြန်ဆုံး၊ လိုက်လျောညီထွေ ရှင်သန်နိုင်ဆုံးနဲ့ လန့်စရာ အကောင်းဆုံး အမျိုးအစားပဲလို့ ဗြိတိန် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇဆိုင်ရာ သတင်းအချက်အလက် စစ်ဆေးရေးဌာန အကြီးအကဲက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကမ္ဘာကြီးတခုလုံးကို လွှမ်းသွားမယ့် ဗီဇမျိုးကွဲရဲ့ ဗီဇပြောင်းလဲမှုတွေအတွက်လည်း သတိရှိထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဗီဇမျိုးကွဲသစ် ချင့်ချိန်အကဲဖြတ်ရေး အစီအစဉ်ကတဆင့် တကမ္ဘာလုံးက ဗီဇဆိုင်ရာ သတင်းအချက်အလက် အစီအစဉ်တွေ တွက်ထုတ်ရေး ပညာရှင်တွေနဲ့မျှဝေဖို့ ဗြိတိန်က ပိုတိုးပြီး ကြိုးစားနေပါတယ်။

လောလောဆယ် ကမ္ဘာကြီးအတွက် အကြီးဆုံးဘေးက ရှင်းရှင်းလေးပဲ ဒယ်လ်တာ ဗီဇမျိုးကွဲပါလို့ အဏုဇီဝပညာရှင် ရှရွန်ပီးကော့က ပြောပါတယ်။

သူ့ရဲ့ အကြီးဆုံးစိုးရိမ်သောက ကတော့ ကာကွယ်ဆေးမထိုးရသေးတဲ့ တိုင်းပြည်တွေမှာ ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်မှာကိုပဲလို့လည်း သူက ဆက်ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ ဒယ်လ်တာဗီဇမျိုးကွဲနဲ့ပတ်သက်လို့ အကြီးစား စိုးရိမ်စရာ ကိစ္စက လူတွေကို ပိုနာမကျန်းဖြစ်စေတာ မဟုတ်ဘဲ လူတွေကို တယောက်ဆီက တယောက် ပိုပြီး အများကြီး လွယ်လွယ်ကူကူ ကူးစက်နိုင်တာပါ။

ဒါကြောင့် ကာကွယ်ဆေးထိုးမခံရသေးတဲ့ လူတွေကြားမှာ ကူးစက်နှုန်းရော ဆေးရုံတက်နှုန်းပါ ပိုတိုးလာပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမတလုံးပဲ ထိုးရသေးတဲ့ လူတွေအပေါ်မှာ ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်ခဲ့ရင် ကာကွယ်ဆေးရဲ့ ထိရောက်မှုကို ဗိုင်းရပ်စ်ပိုးက လျှော့ချနိုင်ပေမယ့် ကာကွယ်ဆေး ၂ လုံးစလုံးအပြည့် ထိုးထားရင်တော့ ဝေဒနာ ပြင်းထန်ဆိုးရွားမှုကို မြင့်မြင့်မားမား ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်မှုနဲ့ပတ်သက်လို့ သတင်းအချက်အလက် ပိုမရသေးခင်မှာတော့ ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ထိုးပြီးသားနိုင်ငံတွေမှာပါ။ ပါးစပ် နှာခေါင်းစည်း ဝတ်ဆင်တာ၊ လူချင်းခွာတာနဲ့ တခြားဆောင်ရွက်ချက်တွေကို ထပ်ပြီး လိုအပ်နေဦးမယ်လို့ ရောဂါဗေဒ ပညာရှင်တွေက ပြောပါတယ်။

ဗြိတိန်မှာ ဒယ်လ်တာ ဗီဇမျိုးကွဲနဲ့ ဆေးရုံတက်ရတဲ့ လူ စုစုပေါင်း ၃၆၉၂ ယောက် ရှိပြီး ၅၈ ဒသမ ၃ ရာခိုင်နှုန်းက ကာကွယ်ဆေး လုံးဝ မထိုးထားဘဲ ၂၂ ဒသမ ၈ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေး အပြည့်ထိုးထားတယ်လို့ အင်္ဂလန်နယ် ပြည်သူ့ကျန်းမာရေးဌာနက ဇူလိုင် ၂၃ ရက်မှာ ပြောပါတယ်။

ဒယ်လ်တာ ဗီဇမျိုးကွဲကို အများဆုံးတွေ့ရတဲ့ စင်ကာပူမှာတော့ ကာကွယ်ဆေး ထိုးပြီးသား ကူးစက်ခံ လေးပုံသုံးပုံဟာ ဆိုးဆိုးရွားရွား နေမကောင်းတာမျိုး မဖြစ်ကြဘူးလို့ အစိုးရ အရာရှိတွေက သောကြာနေ့မှာ အစီရင်ခံပါတယ်။

အစ္စရေးမှာ လက်ရှိ ဆေးရုံတင် ကုသခံနေရတဲ့ ကူးစက်ခံ ၆၀ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး ထိုးပြီးသားလူတွေလို့ ပြောပါတယ်။

သူတို့အများစုက အသက် ၆၀ နဲ့အထက်လူတွေ ဖြစ်ပြီး နဂိုကျန်းမာရေး ပြဿနာအခံတွေ ရှိကြတယ်လို့ ပြောပါတယ်။

တကမ္ဘာလုံးမှာ ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း အများဆုံး အမေရိကန်မှာတော့ ကူးစက်မှုအသစ် အားလုံးရဲ့ ၈၃ ရာခိုင်နှုန်းဟာ ဒယ်လ်တာ ဗီဇမျိုးကွဲကြောင့် ဖြစ်ပြီး အခြေအနေဆိုးတဲ့ လူနာ ၉၇ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး မထိုးရသေးတဲ့လူတွေလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up