Live
Home
မြန်မာသတင်း
ဖားကန့် အောက်ဆီဂျင်စက်ရုံကို စစ်တပ်ကသိမ်းပိုက်၊ အရပ်သားများ ဖြည့်ခွင့်မရ
DVB
·
July 27, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ တခုတည်းရှိတဲ့ အောက်ဆီစက်ရုံကို စစ်ကောင်စီတပ်က ထိန်းချုပ် ကန့်သတ်လိုက်ပြီး ဒေသခံတွေ ဖြည့်ခွင့်မရတာကြောင့် အောက်ဆီဂျင် ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဖားကန့်မြို့က ပရဟိတ လုပ်ဆောင်နေသူတွေထံက  သိရပါတယ်။

ဖားကန့်မြို့နယ်တခုလုံးက ကိုဗစ်-ကူးစက်လူနာအားလုံးရဲ့ အောက်ဆီဂျင်လိုအပ်မှုကို အဓိက ဖြည့်တင်းပေးနေတဲ့ နမ္မဖြစ်ကျေးရွာက အောက်ဆီဂျင်စက်ရုံကို ဇူလိုင် ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ထိန်းချုပ်ထားလိုက်တာပါ။

ဒီစက်ရုံမှာ စစ်တပ်က လာဖြည့်တဲ့ အောက်ဆီဂျင်အိုးတွေကိုပဲ ဖြည့်ရမယ်ဆိုပြီး စက်ရုံပိုင်ရှင်ကို အမိန့်ပေးခဲ့တာလို့လည်း သိရပါတယ်။

အောက်ဆီဂျင်သွားဖြည့်တဲ့ ပရဟိတအသင်းသားတဦးက "တိုင်းစီမံချက်နဲ့ဆိုပြီး အောက်ဆီဂျင် အိုးအခွန် ၅၀၀ လာချသွားတာတဲ့၊ အဲဒီအိုးတွေ မဖြည့်ပြီးမချင်း ဘယ်အိုးမှမဖြည့်ရဘူးလို့ စစ်တပ်အရာရှိတွေက အမိန့်ပေးသွားလို့ ကျန်တဲ့ ကျနော်တို့ သာမန်အရပ်သားအိုးတွေကို ဖြည့်မပေးရဲဘူးဗျ" လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်တွင်းရှိ ကာရန်တင်းစင်တာတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ရာနဲ့ချီ ဆေးကုသမှုခံယူနေရပြီး အဲဒီအထဲက လူနာ အယောက်  ၇၀ ကျော်ဟာ မဖြစ်မနေ အောက်ဆီဂျင်ပေးနေရတယ်လို့ သီတဂူ ကိုဗစ်ကုသဆောင်မှာ အလုပ်လုပ်ပေးနေသူ တဦးကပြောပါတယ်။

အဆိုပါ စစ်တပ်ထိန်းချုပ်ထားတဲ့ နမ္မဖြစ်ကျေးရွာက အောက်ဆီဂျင်စက်ရုံဟာ ဖားကန့်မြို့အပါအဝင် လုံးခင်း၊ ဖားကန့်၊ ဆိပ်မူ၊ တာမခန်၊ ဝှေခါမှော်ရွာတွေက ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် ဖြည့်တင်းပေးနေတာအပြင် မိုင်း ၈၀ ကျော် ဝေးတဲ့ မိုးကောင်းမြို့အထိ အောက်ဆီဂျင် လိုအပ်မှုကို ဖြည့်တင်းပေးနေတာလို့လည်း သိရပါတယ်။

ဖားကန့်မြို့ရဲ့အောက်ဆီဂျင်လိုအပ်မှုကို စစ်တပ်က ခုလို ထိန်းချုပ်ထားပါက အောက်ဆီဂျင် လိုအပ်နေတဲ့ ကိုဗစ်လူနာတွေ သေဆုံးမှုနှုန်း မြင့်တက်လာနိုင်တယ်လို့ အမည်မဖော်လိုသူ ကုသရေးဌာနတာဝန်ရှိသူတဦးက ပြောပါတယ်။

"သူဟာလေးသူ သူလည်ပတ်နေတာ ဟုတ်နေပြီပဲ။ ဘာဖြစ်လို့ ဒီလိုလုပ်မှန်းကို စဉ်းစားမရတော့ဘူး။ လူတွေကို တမင်သေစေချင်တဲ့ သဘောလိုဖြစ်နေပြီဗျာ။ ကျနော်တို့က လက်တွေ့အဖြစ်အပျက်တွေကို မြင်နေရတော့ မခံစားနိုင်ဘူးဗျာ။" 

ဖားကန့်မြို့နယ်က ဖားကန့်၊ လုံးခင်း၊ ဆိပ်မူ၊ ဝှေခါ၊ တာမခံ၊ ဆယ်ဇင်းကျေးရွာတွေမှာ ကိုဗစ်-၁၉ကူးစက်မှုတွေမြင့်တက်နေပြီး နေ့စဉ် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024