မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းအောင်သုခရပ်ကွက်မှာ ဇူလိုင် ၂၆ရက်ည ၈ခွဲ ဝန်းကျင်က ရပ်ကွက်ထဲသံပုံးတီးတယ်ဆိုကာ ပြည်သူ ၅ဦးကို စစ်အုပ်စုက နေအိမ်တွေကနေ ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။
ကျန်းမာရေးမကောင်းလို့ နေအိမ်ထဲအိပ်နေသူကိုပါ စစ်အုပ်စုက နေအိမ်တံခါးကိုအတင်းဝင်ဖျက်ပြီး ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။ တအိမ်လုံးကျန်းမာရေးမကောင်းဖြစ်နေတာကြောင့် ကန်တော့ပြီးတောင်းပန်ပေမယ့် အတင်းဖမ်းခေါ်သွားကြတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ မမိဇံ၊ ဒေါ်သန်းတင်၊အောင်ထက်သူ ၊အောင်ကျော်ဖြိုးနဲ့ကိုအေးကိုသန်းတို့ဖြစ်ပြီး ရပ်ကွက်နေပြည်သူတွေ သံပုံးတီးချိန်မှာ စစ်တပ်က သေနတ်နှစ်ချက်ဖောက်ခဲ့သေးတယ်လို့သိရပါတယ်။
ဖမ်းဆီးထားသူတွေကို ဘယ်မှာထိမ်းသိမ်းထားတယ် ဘာအမှုနဲ့ အရေးယူမယ်ဆိုတာတော့ မသိရသေးပါဘူး။