ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့လည်း စိုးရိမ်လွန်ကဲမှုမဖြစ်စေဖို့ အသိသတိနဲ့ ထိန်းသိမ်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဇူလိုင် ၂၃ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမမှာကျင်းပတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ ပြောသွားတာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါလက္ခဏာဖြစ်ပေါ်လာသူတွေနေနဲ့ သက်ဆိုင်ရာ ဆေးရုံတွေ၊ စောင့်ကြည့်လူနာ လက်ခံစင်တာတွေနဲ့ အတည်ပြုလူနာလက်ခံစင်တာတွေကို သွားရောက်ပြသကြဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။
ဒါပေမဲ့ တချို့သော ကုသရေး စင်တာတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ဆက်သွယ်နိုင်ရေး ကြေညာထားတဲ့ ဖုန်းနံပါတ်တွေကတော့ အကြောင်းအမျိုးမျိုးကြောင့် အကူအညီလိုအပ်လို့ ဆက်သွယ်ပါက ဆက်သွယ်လို့ မရကြောင်းသိရှိရလို့ တာဝန်ရှိသူများအနေနဲ့ ကြပ်မတ်ဆောင်ရွက် ကြရန် လိုအပ်မယ်လို့လည်း ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်သွားသူတွေကိုလည်း စနစ်တကျ သင်္ဂြုဟ်ပေးသွားဖို့ လိုအပ်ကြောင်း၊ သင်္ဂြုဟ်လုပ်ဆောင်ရတဲ့ ဝန်ထမ်းတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ ကာကွယ်ရေးပစ္စည်းတွေ ပြည့်စုံစွာ ဝတ်ဆင်ဖို့လည်းပြောပါတယ်။
ဒါ့အပြင် CDM ကျန်းမာရေး ဝန်ထမ်းတွေ အလုပ်ပြန်လာလုပ်ကြဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
“တစ်ဖက်က ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ် တစ်ချို့ကလည်း CDM လုပ်ထားတဲ့အတွက်ကြောင့် မလာကြဘူး၊ ကျနော်လည်း အကြိမ်ကြိမ် အခါခါ ဖိတ်ခေါ်တယ်၊ ခင်ဗျားတို့လာကြပါ။ ဒါ လူမှုရေးကိစ္စဖြစ်တယ်၊ နိုင်ငံ့အရေးကိစ္စဖြစ်တယ်၊ အမျိုးသားရေးကိစ္စဖြစ်တယ်၊ ကူညီရအောင်ပြောတယ်၊ တချို့လည်းလာကြတာရှိတယ်၊ တချို့လည်းအကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တာလည်းရှိပါတယ်၊ ကျနော်ထပ်ပြီး မေတ္တာရပ်ခံပါတယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ကာကွယ်ကုသ ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ လူမှုရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးရည်မှန်းချက်မပါဘဲ ပရဟိတစိတ်ဓာတ်နဲ့ ပါဝင်ကူညီဆောင်ရွက်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က တိုက်တွန်းပြောပါတယ်။
“လူမှုရေးအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေပဲ၊ သူတို့က နေပြီးတော့ ပြည်သူနဲ့အုပ်ချုပ် ရေးအဖွဲ့အစည်းတွေကြားထဲမှာ ပေါင်းစပ်ပေးဖို့လိုတယ်၊ ဒီလို ပေါင်းစပ်ပေးမယ်ဆိုရင် လုပ်ငန်းက များများ Function ဖြစ်ပါတယ်၊ ဒါကိုလည်းအားပေး ဆောင်ရွက်ကြဖို့ ပြောလိုပါတယ်” ။
ကိုဗစ်ရောဂါကာကွယ် ဆေးကို မြန်မာနိုင်ငံမှာ ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေပြီး တရုတ်နိုင်ငံကနေ လှူဒါန်းတဲ့ဆေး ၇၃၆၀၀၀ မနေ့ကရောက်လာလို့ ဒီနေ့ ကစဖြန့်ပြီးတော့ ဆေးထိုးဖို့ ဆောင်ရွက်နေကြောင်းနဲ့ ဩဂုတ်လပထမပတ်အထိ ၄ သန်းရောက်ဖို့ရှိကာ တောက်လျှောက် လက်ဝယ် ရောက်လာလို့ရှိရင် အမြန်ဆုံး ထိုးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကောလာဟလသတင်းတွေထုတ်လွှင့်နေတာကို သတင်းမှန်ပြန်ကြားရုံသာမက သတင်းမှားထုတ်လွှင့်တဲ့ သတင်းဌာနတွေကိုပါ ပြင်းထန်စွာ တုံ့ပြန်ကန့်ကွက်သွားဖို့လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူရော သေဆုံးသူပါ တိုးလာနေပြီး မနေ့က တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၅,၅၀၆ ယောက်၊ သေဆုံးသူ ၃၂၆ ယောက် ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်ညမှာကြေညာထားပါတယ်။
ရန်ကုန်မြို့ သုသာန်လေးခုမှာတော့ ဇူလိုင် ၂၃ ရက်က မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်း ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။