ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးက စဖိုကြီးရွာမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေ ပစ်ခတ်တာကြောင့် ကိုယ်ဝန် ၇ လရှိ အမျိုးသမီး တစ်ဦးနဲ့ တခြားလူ တစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့ ကျေးရွာနေပြည်သူတွေက ပြောပါတယ်။
ချင်းတွင်းမြစ်အထက်ပိုင်းက လုံခြုံရေးအပြည့်နဲ့ ဇူလိုင် ၂၃ ရက် ညနေ ၄ နာရီလောက်မှာ ဆင်းလာတဲ့ ကျောက်စိမ်းတင် ဖလပ်မော်တော်ပေါ်ကနေ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရွာထဲကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
“စဖိုကြီးရွာထဲကို စစ်တပ်က ပစ်လို့ ၂ ယောက် ဒဏ်ရာရတယ်။ နွားတစ်ကောင် သေတယ်။ သေနတ်မှန်တဲ့ တစ်ယောက်က ကိုယ်ဝန် ၇ လနဲ့ပါ။ ရွာကို လက်နက်ကြီးနဲ့ပါ ပစ်ပြီး မီးထပ်ရှို့တယ်။ ကံကောင်းလို့ ရှို့ခံရတဲ့ တစ်အိမ်ပဲ လောင်သွားတယ်။ နောက်ထပ်လည်း မော်တော် ၃ စီး ကျန်သေးတယ်လို့လည်း ကြားတာကြောင့် ရွာထဲကို မပြန်ရဲသေးဘူး”လို့ စဖိုကြီးရွာသား တစ်ဦးကပြောပါတယ်။
လုံခြုံရေးအပြည့်ပါတဲ့ စစ်ကောင်စီတပ်ရဲ့ ကျောက်စိမ်း တင်ဆောင်လာတဲ့ ဖလပ်မော်တော်တချို့ဟာ မနေ့က ကနီမြို့မှာ အိပ်ပြီး ဇူလိုင် ၂၄ ရက်မှာ ကနီမြိုအောက်ဘက် ချင်းတွင်းမြစ်ဘေးက မုဋ္ဌောကျေးရွာကို ရောက်ရှိနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။