ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ထာ့မကာမြို့နယ် ရှဲန်တော်အုပ်စုရှိ ဗီတာဖုဒ် (Vita Food) သစ်သီးဝလံစက်ရုံမှာ ရွှေ့ပြောင်းအလုပ်သမား ၁၄၁ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင်က အလုပ်သမား ၄၉ ဦးဆီမှာ ပိုးတွေ့ပြီးတဲ့နောက် ကျန်လုပ်သား ၄၁၄ ဦးကို စစ်ဆေးရာမှာ ဇူလိုင် ၂၁ ရက်နေ့မှာ နောက်ထပ် ၁၄၁ ဦး ကူးစက်ခံထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အဆိုပါ အနီးနားတဝိုက်ရှိ စက်ရုံအလုပ်ရုံပေါင်း ၇ ခု ကို ပိတ်ထားဖို့ စက်ရုံနဲ့တကွ အနီးနားရှိ ဟွာဖုန်းရပ်ကွက်ကိုလည်း ၁၄ ရက်တာ အဝင်အထွက်ကန့်သတ်ထားဖို့ ကန်ကျနပူရီ ခရိုင်ဝန်က ညွှန်ကြားထားပါတယ်။
စက်ရုံ ၇ ခုနဲ့ ဟွာဖုန်းရပ်ကွက်က လူဦးရေစုစုပေါင်း ၂၀၀၀ ကျော်ရှိပြီး ထွက်ပြေးလို့မရနိုင် အောင်လည်း လုံခြုံရေးချထားတယ်လို့ ဆိုပါတယ်။
ဖရူဒီ ဒရွိုင်း (Fruity Dry) စက်ရုံက အလုပ်သမားပေါင်း ၁၁၀၀ ကို ကိုဗစ်-၁၉ စစ်ဆေးပေမယ့်ကိုယ်ရေးအချက်အလက်မေးမြန်းရာမှာ အလုပ်သမားတွေဟာ ထိုင်းစကားမပြော တတ်ကြောင်း၊ ဘာသာပြန်ကနေတဆင့် ဖြေဆိုနေရလို့ ၁ ပတ်လောက်ကြာမှပြီးမယ်လို့ လူထုကျန်းမာရေးဌာနက ပြောပါတယ်။
ဇူလိုင် ၂၂ ရက်နေ့မှာ စက်ရုံအနီးပတ်ဝန်းကျင်ရပ်ကွက်က ထိုင်းလူမျိုး ၇၀၀ ကျော်ကို စစ်ဆေးထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ် ။
အဆိုပါ စက်ရုံတွေမှာ အများစုက မြန်မာအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။