ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ မိုးသည်းထန်စွာ ရွာသန်းပြီး ဇမိမြစ်ရေတက်လာတာကြောင့် အမှတ် ၆ ရပ်ကွက်က မြေနိမ့်ပိုင်း နေအိမ် ၈၀ ကျော် ရေဝင်ပြီး ဒေသခံတွေ ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ကြရပါတယ်။
ရေဘေးဒုက္ခသည် မိသားစုဝင်တွေဟာ ရပ်ကွက်အတွင်း သဘာဝဘေးဖြစ်လာရင် ခိုလှုံဖို့တည်ဆောက်ထားတဲ့ အဆောက်အဦးမှာ သွားရောက်ခိုလှုံနေကြပြီး ဒီကနေ့ အထိ အကူအညီတွေမပေးနိုင်သေးဘူးလို့ ကြာအင်းဆိပ်ကြီးမြို့က လူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
“ရေက အခုဆိုရင် ၂၉ လက်မကျော်နေပြီ။ ၃၀ ဆိုရင် တော်တော်များများမြုပ်မှာ။ အိမ်နှစ်ထပ်ရှိတဲ့အိမ်ဆိုရင် အောက်ထပ်အကုန်လုံးမြုပ်နေပြီ။ အခုက သူတို့က သဘာဝဘေးကျရောက်ရင် နေဖို့ အဆောက်အအုံမှာ သွားနေကြတယ်။ လောလောဆယ်ကတော့ ဘာမှ မလုပ်ပေးရသေးဘူး။ ”
ကြာအင်းဆိပ်ကြီးမြို့မှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကလည်း တိုးလာနေပြီး ဒီနေ့အထိ ကိုဗစ်လူနာ ၁၀၀ ကျော်နေပြီး ရောဂါကူးစက်ခံရမှာစိုးလို့ ရေးဘေးအလှူရှင်တွေကို မဖိတ်ခေါ်ရဲဘူးလို့လည်း ပြောပါတယ်။
“လောလောဆယ်ကတော့ ဘယ်လိုပြောမလဲ။ ကိုဗစ်ကလည်း တအားကြီးကို တက်နေတော့ အလှူရှင်တွေကိုလည်း ဖိတ်ခေါ်ဖို့ကမရဲဘူး အဲလိုမျိုးဖြစ်နေတယ်။ ကိုဗစ်က အခု နေ့တိုင်းလိုလိုပဲ တက်နေတယ်။”
ကြာအင်းဆိပ်ကြီးမြို့မှာ ရေကြီးရေလျှံမှုဖြစ်တာ ဒီကနေ့ဆိုရင် ၄ ရက်ရှိနေပြီဖြစ်ပြီး မိုးတွေ ဆက်လက်ရွာသွန်းမယ်ဆိုရင်တော့ ရေထပ်တက်လာကာ တခြား ရပ်ကွက်တွေပါ ရေမြုပ်နိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေတုန်းက မိုးရာသီရောက်တိုင်း အခုလို ရေကြီးရေလျှံမှုတွေ ဖြစ်လေ့ရှိပေမယ့် တရက်နှစ်ရက်နဲ့ ရေပြန်ကျပေမယ့် အခုနှစ်မှာ ရေဆက်တက်နိုင်တဲ့ အနေအထားဖြစ်နေတယ်လို့လည်း ဆိုပါတယ်။