Home
မြန်မာသတင်း
အန်ယူဂျီနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့များပူးပေါင်းပြီး ကိုဗစ်ထိန်းချုပ်ကုသရေးအဖွဲ့ ဖွဲ့စည်း
DVB
·
July 22, 2021

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကာကွယ်ထိန်းချုပ် ကုသပေးနိုင်ဖို့  အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF)ကို ဖွဲ့စည်းလိုက်ပြီး ရောဂါကုသထိန်းချုပ်ရေး လုပ်ဆောင်သွားမယ်လို့ အဖွဲ့က ကြေညာပါတယ်။ 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) ကို ဇူလိုင်  ၁၇ ရက်နေ့က  ဖွဲ့စည်းလိုက်တာဖြစ်ဖြစ်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် တိုင်းရင်းသားကျန်းမာရေးကော်မီတီ ဥက္ကဋ္ဌ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်ကဦးဆောင်ပြီး ဒုအဖွဲ့ခေါင်းဆောင် အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးတို့က တာဝန်ယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း တွေက တာဝန်ရှိသူတွေနဲ့ တတ်သိပညာရှင်တွေ ပါဝင်ကြောင်းလည်း ဖော်ပြပါတယ်။ တိုင်းရင်းသားကျန်းမာရေးကော်မတီမှာ တိုင်းရင်းသားကျန်းမာရေးအဖွဲ့ ၁၀ ဖွဲ့ ပါဝင်တယ်လို့ CTF ပြောခွင့်ရသူ  ပဒိုမန်းမန်းက ပြောပါတယ်။ 

“တိုင်းရင်းသားကျန်းမာရေးကော်မီတီက ကနဦး ကျနော်တို့ စုဖွဲ့ထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ရှိတာ ပေါ့နော်။ Back pack တို့ Mae Toa clinice တို့ တခြား တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းလည်းပါပါတယ်။ အဲဒီဟာတွေနဲ့ ကျနော်တို့ဒီဘက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ အန်ယူဂျီ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ ဒီကိစ္စကတော့ တမျိုးသားလုံးရဲ့ တာဝန်ကိစ္စဖြစ်တဲ့အတွက် ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆက်စပ်ဆောင်ရွက်မှုတွေ လုပ်ရမယ်ဆိုပြီးတော့မှ ဇူလိုင် ၁၇ ရက်နေ့မှာဆွေးနွေးပြီးတော့မှ လုပ်ငန်းအဖွဲ့ကို စုဖွဲ့လိုက်တာဖြစ်ပါတယ်။”

CTF အဖွဲ့အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအပါအဝင် ရောဂါထိန်းချုပ်ရေးမှာ လိုအပ်တဲ့ အထောက်အပံ့များရနိုင်ရေး နိုင်ငံတကာမိတ်ဖက်အဖွဲအစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာအပြင်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

လက်ရှိ ကူးစက်မှုများပြားတဲ့ မြို့ကြီးလိုနေရာမျိုးတွေမှာ လုပ်ငန်းဘယ်လို လုပ်ဆောင်မလဲ ဆိုတာနဲ့ပတ်သက်လို့ ပဒိုမန်းမန်းက “အထူးသဖြင့် နိုင်ငံရေးအရ အကန့်အသတ်ရှိတဲ့နေရာမှာ နိုင်ငံရေးအရ အုပ်ချုပ်ရေးအရ conflict ဖြစ်တဲ့နေရာမှာကတော့ ကျနော်တို့ third party အနေနဲ့ UN Agency ကနေပြီး‌ ဝင်ရောက်ပြီးတော့မှပဲ ဆောင်ရွက်ဖို့အတွက် ကျနော်တို့ သဘောထားရှိပါတယ်။ အဲလိုနည်းနဲ့ပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယူအန်အေဂျင်စီတခုခုက အဲလိုနေရာတွေကို ဝင်ရောက်ဆောင်ရွက်ဖို့ ကျနော်တို့ သဘောထား ချမှတ်ထားတာတွေ ရှိပါတယ်။ ”

ကိုဗစ်-၁၉ ကာကွယ်ဆေးအပါအဝင် လိုအပ်တဲ့နည်းပညာ၊ ဘဏ္ဍာရေးအကူအညီတွေ အမြန်ဆုံးထောက်ပံ့ပေးဖို့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေနဲ့ အာဆီယံနိုင်ငံတွေကိုလည်း တောင်းဆိုထားပါတယ်။ 

မြန်မာနိုင်ငံမှာ  အရပ်သားအစိုးရလက်ထက် ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဖြစ်ပွားစဉ်က ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းတွေ ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ပေမယ့်  အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာတော့  ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေ  ဖရိုဖရဲဖြစ်နေပါတယ်။ 

လက်ရှိ ကိုဗစ်တတိယလှိုင်းကာလမှာ  စစ်ကောင်စီက ရောဂါကာကွယ်ထိန်းချုပ်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက်  ပြည်သူလူထုအကြား ရောဂါကူးစက်ပြန့်ပွားမှု အဆမတန် မြင့်တက်နေပြီး နေ့စဉ် လူ ရာချီသေဆုံးနေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024