ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကောင်စီက မွန်းတည့် ၁၂ နာရီနောက်ပိုင်း ကျန်းမာရေးကိစ္စသွားလာတာကို ခွင့်ပြုပေမယ့် ဇူလိုင် ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်လောက်က အောက်ဆီဂျင်ထွက်ရှာတဲ့ အမျိုးသားတစ်ဦးဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
အဖမ်းခံရသူတစ်ဦးက "ဆိုင်ကယ်စီးပြီး အပြင်ထွက်ခွင့်ကတ်လည်းပါတယ်။ ကျန်းမာရေးကိစ္စလည်းဖြစ်တယ် အဲ့တာကို ဖမ်းခံရတယ်။ ကားသမားတွေကိုကျတော့ မဖမ်းဘူး စစ်လည်းမစစ်ဘူး။ ကျနော်တို့လို ဒုက္ခရောက်နေတဲ့သူတွေကိုပဲ ဖမ်းနေတာလား" လို့ ပြောပါတယ်။
ဒီနေ့မှာပဲ အပြင်ထွက်ခွင့်တားမြစ်ထားချိန်မဟုတ်တဲ့ မနက် ၉ နာရီဝန်းကျင်မှာ ဆိုင်ကယ်စီးလာသူ ၃ ဦးကိုဖမ်းပြီး တစ်ဦးက Mask မတပ်ဘူးဆိုတဲ့ အချက်နဲ့ ဒဏ်ငွေတစ်သောင်း ဆောင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
ပြည်မြို့မှာ ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး မွန်းတည့် ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ဖို့နဲ့ စျေးဆိုင်တွေပိတ်ထားဖို့၊ ဆိုင်ကယ်တစ်စီးကို လူတစ်ဦးပဲစီးဖို့ စစ်ကောင်စီက ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။