ပြည်ထောင်စုဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကျဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်လိုက်ပြီး ဒီကိစ္စအတွက် အကြမ်းဖက်စစ်ကောင်စီမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ပြောလိုက်ပါတယ်။
ဦးဉာဏ်ဝင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရပြီး အင်းစိန်ထောင်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် လုံလောက်တဲ့ ဆေးဝါးကုသမှု မပေးတာကြောင့် အင်းစိန်ထောင်ကတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ဆေးကုသမှုခံယူခဲ့ပြီး မနေ့က ဇူလိုင် ၂၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
တရက်တည်းမှာပဲ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းကြိုင်ဟာလည်း အင်းစိန်အကျဉ်းထောင်တွင်း ထိန်းသိမ်းခြင်း ခံထားရချိန်အတွင်းမှာပဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
ဒါကြောင့်မို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ပျက်ကွက်တဲ့အတွက် အကြမ်း ဖက် စစ်ကောင်စီအနေနဲ့ အဆိုပါကိစ္စရပ်တွေအတွက် တာဝန်အပြည့်ယူရမှာဖြစ်တယ်လို့ CRPH က ဆိုပါတယ်။
ကွယ်လွန်သွားခဲ့တဲ့ ဦးဉာဏ်ဝင်းရဲ့ မိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲရကြောင်းနဲ့ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိပြုပါကြောင်း သဝဏ်လွှာထဲမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၅ လခွဲကျော်အကြာ အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အပြစ်မဲ့ ကျဆုံးပြည်သူ ၉၂၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ထားပါတယ်။