မြို့တော် ဘန်ကောက်တွင် တနေ့တည်း လူ ၃ ဦး လမ်းပေါ်လဲကျ သေဆုံး

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရတဲ့လူနာတွေ နေ့စဉ် ၁၀,၀၀၀ အထက်မှာရှိနေပြီး ဘန်ကောက်မြို့လည်ခေါင်မှာ လမ်းသွားရင်း လဲကျသေဆုံးသူတွေလည်း ရှိလာပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့မှာဆိုရင် တစ်နေ့တည်း လဲကျသေဆုံးသူ ၃ ဦးရှိပြီး  အိမ်ကနေ လူနာတင်ကားစောင့်ရင်းနဲ့ သေဆုံးသွားတဲ့သူလည်းရှိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ပထမဖြစ်ရပ်မှာ ဘန်ကောက်ဖရနခွန်းနယ်မြေ (မြဘုရားအနီး) ဘန့်ဖန်းထုန်းလမ်းမပေါ်မှာ မနေ့ မနက် ၁၀ နာရီလောက်က အသက် ၅၉ နှစ်ရွယ်အမျိုးသား ၁ ဦး လဲကျသွားခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့်လဲကျမှန်းမသိလို့ ဘယ်သူမှအနားမကပ်ရဲဘဲ ရဲစခန်းနဲ့ ကယ်ဆယ်ရေးကားကို ဖုန်းဆက်ပေးခဲ့ပါတယ်။ မွန်းလွဲ ၂ နာရီလောက်မှ ကယ်ဆယ်ရေးကား ရောက်လာပြီး အဲဒီမှပဲ သူ့ကို အောက်ဆီဂျင်နဲ့ ဂလူးဂိုစ့်ပေးပါတယ်။ ဒါပေမဲ့ ညနေ ၄ နာရီလောက်မှာ သေဆုံးပြီး ကယ်ဆယ်ရေးအဖွဲ့က အလောင်းကို အဝတ်ဖြူလွှားထားကာ လမ်းထဲမှာ ကိုဗစ် လူနာရှိလို့ ဝင်ထွက်ခွင့်မရှိကြောင်း လမ်းထိပ်မှာ စာရေးကပ်ထားပါတယ်။

သူ့အလောင်းကိုတော့ လမ်းပေါ်ပစ်ထားပြီး  ည  ၁၁ နာရီလောက်မှ လာသယ်လို့ ရပ်ကွက်သူရပ်ကွက်သားတွေကြား စိုးရိမ်မှုနဲ့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ 

ဒုတိယဖြစ်စဉ်ကတော့ ရာ့ချ်ဒမ်နိုန်းလမ်း စာရေးကိရိယာဆိုင်ရှေ့ ပလက်ဖောင်းပေါ်မှာ အသက် ၅၀ ကျော်အမျိုးသား ၁ ယောက် လဲကျသေဆုံးနေပြီး ဘယ်ချိန်ကတည်းက ဘာကြောင့် သေဆုံးနေတာတော့ မသိပါဘူး။ လမ်းသွားလမ်းလာတွေက သက်ဆိုင်ရာကို အကြောင်းကြားပေမဲ့ ည ၁၀ နာရီလောက်မှာမှာ PPE ဝတ်စုံဝတ်ထားတဲ့ ကယ်ဆယ်ရေးအဖွဲ့က သူ့အလောင်းကို သယ်သွားကြပါတယ်။

တတိယဖြစ်ရပ်ကတော့ ဖရလမ်း  အမှတ် ၄ လမ်းမကြီး Lotus ကုန်တိုက်ကြီးရှေ့မှာ အသက် ၄၀ ဝန်းကျင် တီရှပ်အနက်ရောင်ဝတ် အမျိုးသား ၁ ဦး လဲကျနေတာပါ။ အဆိုပါလူ လဲ ကျနေကြောင်း ပတ်ဝန်းကျင်ကအကြောင်းကြားတဲ့အတွက် ထောင်းလော်နယ်မြေရဲတပ်ဖွဲ့က ည ၈ နာရီခွဲလောက်မှာ သွားရောက်စစ်ဆေးပြီး အောက်စီဂျင်တိုင်းကြည့်ရာမှာ လုံးဝကျဆင်းနေတာ တွေ့ရကြောင်း၊ သူ့ကို  swab  ယူပြီး သေဆုံးရတဲ့အကြောင်း စစ်ဆေးမယ်လို့ ဆိုပါတယ်။ 

အခုလို အလောင်းတွေကို ချက်ချင်းလာမသယ်လို့ ဝေဖန်နေတာနဲ့ပတ်သက်ပြီး ချနဆုနခလမ်းရဲစခန်း တာဝန်ရှိသူ ၁ ဦးကတော့ ရဲစခန်းအနေနဲ့ စစ်ဆေးဖို့တာဝန်သာရှိပြီး ကိုဗစ် ၁၉ လူနာနဲ့ အလောင်းတွေကို သယ်ဖို့ တာဝန်မရှိကြောင်း ပြောပါတယ်။

ဒါ့အပြင် အဆိုပါ လူနာနဲ့ အလောင်းတွေကို PPE ဝတ်စုံပြည့် ကယ်ဆယ်ရေးအဖွဲ့တွေကသာ သယ်ခွင့်ရှိတယ်လို့ ဆိုပါတယ်၊  ကယ်ဆယ်ရေးအဖွဲ့ကလည်း သူတို့ဟာ နေရာအတော်များများက  ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေကို အခေါက်ခေါက် သွားသယ်ပေးနေရလို့ နောက်ကျရကြောင်း ပြောပါတယ်။

နောက်ဖြစ်ရပ်တစ်ခုကတော့ အိမ်ကနေ ကယ်ဆယ်ရေးကားအလာကို စောင့်ဆိုင်းရင်း သေဆုံးသွားတာပါ။ ဘန်ကောက် ဘန်ခေါလဲမ်နယ်မြေ ကျရိန်းကွန်းလမ်းသွယ် ၁၀၇ ထဲက အိမ်တစ်အိမ်မှာ ကိုဗစ် ၁၉ ကူးစက်ခံရသူလူနာရှိကြောင်း အကြောင်းကြားတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်သွားချိန်မှာတော့ လူနာ ၁ ဦး လာခေါ်တာကို စောင့်ဆိုင်းရင်း သေဆုံးသွားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အဲဒီအိမ်မှာ နောက်ထပ်ကိုဗစ် ၁၉ လူနာ ၃ ဦး ရှိပါသေးတယ်။ အဆိုပါအိမ်မှာ မိသားစု ၆ ယောက်ရှိပြီး အိမ်ဦးစီးမှာ ဇူလိုင်  ၉ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လို့ ဆေးရုံကားက လာခေါ်သွားပြီ ဖြစ်ပါတယ်။ နောက်ရက်မှာ ကျန်တဲ့အိမ်သားတွေပါ စစ်ဆေးတွေ့ရှိပြီး ဇူလိုင်  ၁၆ ရက်နေ့က ၁ ဦး ဆုံးသွားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ ၇၆ ခရိုင်လုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာရှိပြီး  ဒီကနေ့ ဇူလိုင်လ ၂၁  ရက် တွေ့ရှိချက်အရ  လူနာသစ် ၁၃၀၀၂ ဦး၊ အကျဉ်းထောင်ထဲမှာ ၁၀၄၉ ဦး၊ သေဆုံးသူ ၁၀၈ ဦး ရှိပါတယ်။ မနှစ်ကစ ဒီနေ့ထိ ကူးစက်ခံရသူပေါင်း ၄၃၉၄၇၇ ဦး သေဆုံးသူ ၃၆၁၀ ဦး သက်သာပျောက်ကင်းသူ ၃၀၄၄၅၆ ဦး ရှိပါတယ်။ 

ကိုးကား - Thairath/ Sanook   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up