စစ်တပ်အာဏာမှုကိုဆန့်ကျင်လို့ ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ကြံခင်းမြို့က ရဲဝန်ထမ်း ၂ ယောက်ဟာ ပုသိမ်ထောင်ထဲမှာ ၁ နှစ်စီပြစ်ဒဏ်ကျခံနေရချိန် ထပ်မံပြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံ ထားရပါတယ်။
ထောင်အပြစ်ဒဏ်ကျခံနေရတဲ့ ရဲဝန်ထမ်း ၂ ယောက်ဟာ ဖျားနာနေတဲ့အပြင် ဇူလိုင်လပထမပတ်က ပုဒ်မ ၅၀၅ (က)နဲ့ ထပ်မံတရားစွဲဆိုပြီး ရုံးထုတ်ခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
"ပုဒ်မ ၅၀၅ (က)နဲ့ တရားထပ်စွဲထားတယ်။ ကလေးတွေ ဖျားနေတာကို ထပ်ပြီး ရုံးထုတ်တယ်ကြားတယ်။ ပြီးတော့ အပြင်ဆေးခန်းပေးပြတာမျိုးမရှိသေးဘူး၊ တစ်ခါမှလည်း ထောင်ဝင်စာမတွေ့ရဘူး''လို့ မိသားစုဝင်က ပြောပါတယ်။
ရဲဝန်ထမ်း ၂ ဦး တရားစွဲခံရတာကို ပထမအကြိမ်ရုံးထုတ် စစ်ဆေးခဲ့တာနဲ့ နောက်တစ်ကြိမ် ရုံးထုတ်စစ်ဆေးဖို့အကြောင်းကို ထောင်အရာရှိတစ်ဦးက မိသားစုကိုဆက်သွယ်ပြောဆိုခဲ့ပေမယ့် ဒီသတင်းကို တခြားသူတွေကို မပြောဖို့တားခဲ့တယ်လို့ ဆိုပါတယ်။
ထောင်ကျခံနေရတဲ့ ရဲဝန်ထမ်း ၂ ဦးရဲ့ဖခင်ဟာလည်း အုပ်ချုပ်ရေးမှူးဟောင်းဖြစ်လို့ နုတ်ထွက်တာကြောင့် ဝရမ်းထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
ထောင်ကျခဲ့တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ်ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေသူတွေလည်း ဖြစ်ပါတယ်။