ခိုးမှု၊ မူးယစ်ဆေး၊ ယစ်မျိုး၊ လောင်းကစားနဲ့ ပြည့်တန်ဆာအမှုတွေအပါအဝင် ကြားနာ စစ်ဆေးဆဲ အမှုအမျိုးအစား ၁၁ မျိုးကို ပိတ်သိမ်းပြီး တရားခံတွေကို လွှတ်ပေးမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ဇူလိုင် ၂၀ ရက်မှာ ကြေညာပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်ကုသနိုင်ဖို့နဲ့ သက်ဆိုင်ရာ တရားရုံးတွေမှာ စွဲဆိုထားတဲ့ ပြစ်မှုတွေအတွက် တရားခံတွေကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်တွေကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိလို့ ချုပ်ရက်တွေ ရှည်ကြာနေလို့ လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင် တချို့ပြစ်မှုနဲ့ စွဲဆိုခံရတဲ့ နိုင်ငံသားတွေအတွက် သက်ညှာစွာ စဉ်းစားပြီး ဒီအမိန့်ကို ထုတ်ပြန်တာလို့ စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်လိုက်တာပါ။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ မသိမ်းခင် ကျူးလွန်ထားတဲ့ ခိုးမှု (ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ၊ ၃၈၀)၊ လောင်းကစားမှု၊ ယစ်မျိုးအမှု၊ မူးယစ်မှု (သတ်မှတ်ပမာဏ) ၊ လက်နက်မှု၊ ပြည့်တန်ဆာမှု ၊ ရဲအက်ဥပဒေပါပြစ်မှု၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေပါ ပြစ်မှု၊ သစ်တောဥပဒေပါ ပုဒ်မ ၄၂ နှင့် ၄၃ မှလွဲပြီး ကျန်ပြစ်မှုတခုခု စတာတွေပါဝင်ပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရသူတွေရော သေဆုံးသူတွေပါ နေ့စဉ် အယောက် ၅၀၀၀ လောက်ရှိနေသလို အကျဉ်းထောင်တွေထဲမှာလည်း အချုပ်သားတွေ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေချိန်မှာ ခုလို အချုပ်သားတွေကို လွှတ်ပေးဖို့ စစ်ကောင်စီက လုပ်ဆောင်လာတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း အင်းစိန်ထောင်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေစဉ် ဇူလိုင် ၂၀ ရက်မနေ့က ကွယ်လွန်သွားပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဦးဉာဏ်ဝင်းဟာ ဆေးကုသမှုခံယူနေရာမှ ယခင်ရောဂါအခံဖြစ်တဲ့ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတို့နဲ့ မနေ့ မနက်၉နာရီမှာ အင်းစိန်ထောင်မှာ သေဆုံးတာလို့ ထုတ်ပြန်ပြောကြားထားပါတယ်။
မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်တွေမှာ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားတဲ့ အကျဉ်းသား၊ အကျဉ်းသူ ပေါင်း ၃၇၅ ဦးရှိခဲ့ပြီး သက်သာပျောက်ကင်းဆေးရုံမှ ဆင်းရသူ ၁၅၂ ဦး၊ ဆက်လက်ကုသမှုခံယူဆဲ ၂၀၈ ဦးနဲ့ ဦးဉာဏ်ဝင်းအပါဝင် သေဆုံးသူ ၆ ဦးရှိကာ လွတ်ရက်စေ့လို့ လွတ်မြောက်ခဲ့သူ ၉ ဦး ရှိတယ်လို့လည်း စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။