စစ်ကိုင်းတိုင်း မုံရွာမြို့က ရပ်ကွက်တခုမှာ ဇူလိုင် ၁၉ ရက်နေ့ (အာဇာနည်နေ့) မနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်ကို စစ်ကောင်စီတပ်က လိုက်လံဖြိုခွင်းကာ ဆိုင်ကယ် ၆၅ စီးကို မတရားသိမ်းယူပြီး အပြစ်မဲ့ ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
သပိတ်နဲ့မဆိုင်ဘဲ ရပ်ကွက်တွင်း အိမ်တွေရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေကို စစ်ကားပေါ် ဥပဒေမဲ့ မတရားသိမ်းယူသွားကြတာလို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။
“တချို့ဆို လမ်းသွားနေရင်း သပိတ်ထဲ မပါဘူးနော်၊ စစ်သားတွေလာပြီဆိုတော့ အဖမ်းခံ၊ အနှိပ်စက်ခံရမှာကိုကြောက်ပြီး ဆိုင်ကယ်တွေရပ်ပြီး ပြေးတဲ့သူတွေလည်း ရှိတယ်ဗျ။ ဒာဲလိုမျိုးလူတွေရဲ့ ဆိုင်ကယ်တွေ သိမ်းပြီးယူသွားတာကတော့ ဥပဒေမဲ့ကြီးဗျာ။ ဒါ ကျနော် အိမ်ထဲကနေ မြင်နေရတာ။ ဖြစ်စဉ်တွေအားလုံးကို အဲလိုသူတွေကျ ဘယ်သူ့ကို အားကိုးပြီး ဘယ်သူ့ကို တိုင်ရမှာလဲ။ ခင်ဗျားပဲ စဉ်းစားကြည့်လေ၊ လူနေတဲ့ရပ်ကွက်အတွင်းပါဆို ဆန္ဒပြသူတွေ ရှိသလို၊ ဆန္ဒမပြတဲ့သူတွေလည်းရှိနေနိုင်တာပဲ။ ဝါးလုံးချေးသုတ် မရမ်းသင့်ဘူး။ ဒီကောင်တွေ သူတို့ထင်သလို ဒီလိုမျိုးလုပ်နေလို့ကတော့ ပြည်သူတွေက ပိုပြီးအယုံကြည်ကင်းမဲ့လေပဲ။”
သပိတ်စစ်ကြောင်းထွက်နေစဉ်မှာ Facebook Live လွှင့်ရာကတဆင့် စစ်ကောင်စီတပ်တွေ ရောက်လာကာ ဖြိုခွင်းခံရတာဖြစ်ပြီး စစ်ကြောင်းမှာ ပါသူတွေ ဖမ်းဆီးခံရတာတော့ မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ယူဆောင်သွားတဲ့ ဆိုင်ကယ်တွေထဲမှာ အခုနောက်ဆုံးပေါ် ကျပ်သိန်း ၃၀ ကျော်တန်တဲ့ ထိုင်းဆိုင်ကယ်တွေအပါအဝင် ဆိုင်ကယ်အမျိုးအစားစုံ ပါ၀င်တယ်လို့ သိရပါတယ်။