ကိုရိုနာဗိုင်းရပ်စ် မူရင်းအစ ဓာတ်ခွဲခန်းမှ ယိုစိမ့်ထွက်လာခြင်းမဖြစ်နိုင်ဟု တရုတ်ပြော

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးရဲ့ မူရင်းအစဟာ ဓာတ်ခွဲခန်းကနေ ယိုစိမ့်ထွက်လာတာဆိုတဲ့ အယူအဆ သဘောတရားဟာ အလွန်အမင်းကို မဖြစ်နိုင်တဲ့ အရာပဲလို့ တရုတ်အစိုးရက ဇူလိုင် ၁၆ ရက်မှာ ပြောပါတယ်။

တရုတ်နဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO တို့ ပူးပေါင်းလေ့လာချက်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ထောက်ပြရင်း နေ့စဉ်ကျင်းပနေကျ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောလိုက်တာပါ။

ကနဦး ကူးစက်မှုတွေကို ရှာဖို့ နောက်ထပ် သုတေသနတွေ လုပ်ဖို့ လိုတယ်လို့ ပူးပေါင်းလေ့လာချက်က ဆိုထားပါတယ်။

ကူးစက်တဲ့ နည်းလမ်းအနေနဲ့ အေးခဲ စားစရာ အထုပ်အပိုးတွေကို ပိုပြီး သုတေသန လုပ်သင့်တယ်လို့လည်း ကျောက်က အကြံပြုပါတယ်။

ကိုဗစ်-၁၉  ကပ်ရောဂါ ကူးစက်မှု ကနဦးအစဟာ တရုတ်နဲ့ အမေရိကန်ကြားက နိုင်ငံရေး တင်းမာမှု ရင်းမြစ်လည်းဖြစ်လာနေတာပါ။ လတ်တလောမှာ အာရုံစိုက်တာ များနေတာကတော့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ပထမဆုံး ဖော်ထုတ်နိုင်တဲ့ ကူးစက်မှု စတင်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ရှိတဲ့ ဝူဟန် ဗိုင်းရပ်စ် ရောဂါဗေဒဌာန WIV ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ WIV မှာ လေ့လာခဲ့တဲ့ ဗိုင်းရပ်စ်တွေနဲ့ ကနဦး ကူးစက်မှုတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေကို ထုတ်ဖော်ဖွင့်ချပြချိန်မှာ ပွင့်လင်းမြင်သာမှု ကင်းမဲ့တယ်လို့ ဝေဖန်တာ ခံနေရပါတယ်။

မတ်လမှာ ဖြန့်ချိတဲ့ WHO နဲ့ တရုတ် ပူးတွဲ လေ့လာချက်မှာတော့ ကိုဗစ်-၁၉  ကပ်ရောဂါဟာ တရုတ်ရဲ့ သားရိုင်းတိရစ္ဆာန် ကုန်ကူးမှုကနေ အစပြုခဲ့တာ ဖြစ်နိုင်ချေ အများဆုံး ရှိပြီး ဗိုင်းရပ်စ်ဟာ လင်းနို့ကတဆင့် တခြား ကြားခံ မျိုးစိတ်တွေ၊ အဲဒီက တဆင့် လူကို ကူးစက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရကတော့ ကိုဗစ်-၁၉ဟာ  တရုတ်နိုင်ငံထဲကို နိုင်ငံခြားက ဝင်လာတဲ့ ညစ်ညမ်းအေးခဲ စားစရာတွေကနေတဆင့် ရောက်လာတာဆိုတဲ့ အယူအဆကို လူလက်ခံမှု များအောင် လုပ်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

အမေရိကန် အပါအဝင် နိုင်ငံခြားတိုင်းပြည်တွေက နိုင်ငံရေး သမားတွေကတော့ ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းကနေ ယိုစိမ့်လာတဲ့ ဖြစ်နိုင်ချေအတွက် ပိုပြီး စုံစမ်းစစ်ဆေးဖို့ ဆော်သြ နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up