Home
ဆောင်းပါး
ကျမတို့အသံတွေကို နားထောင်ပေးကြပါ
DVB
·
July 18, 2021

တပ်မတော်ရဲ့ ဖိနှိပ်တိုက်ခိုက်မှုရယ်၊ ကိုဗစ်ကူးစက်ရောဂါ ပေါက်ကွဲပျံ့နှံ့လာမှုရယ်ကြားမှာ မလှုပ်သာအောင် ညပ်နေရတဲ့ မြန်မာလူထုအဖို့ အသက်တွေ၊ ဘဝတွေ၊ သက်မွေးဝမ်းကျောင်းတွေအပြင် လူသားဆန်မှုအပေါ် ယုံကြည်မှုကိုပါ ဆုံးရှုံးခံရဖို့ အန္တရာယ်ကျရောက်နေပါပြီ။

အာဏာသိမ်းပြီးကတည်းက လူထုဟာ မမှိတ်မသုန် ထက်သန်စိတ်တွေနဲ့ လူထုအာခံမှု၊ မနာခံမှုတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ခဲ့ကြတာ ဒီနေ့အထိပါပဲ။ လူထုက တပ်ကို ‘ငါတို့ဆန္ဒမပါဘဲ အုပ်ချုပ်ခွင့် လုံးဝမရစေရ’လို့ ကြွေးကြော်ကြတယ်။ ကိုဗစ်တတိယလှိုင်း ဖြစ်လာချိန်မှာတော့ လူထုဟာ အောက်စီဂျင်ရဖို့ ခက်ခဲလာသလို ဆေးဆိုင်တွေတောင် ပိတ်ခိုင်းထားတာမျိုးကနေ ပထမနဲ့ ဒုတိယလှိုင်းတုန်းက တက်ကြွစွာ ကူညီခဲ့သူ ပရဟိတသမားတွေကို ဖမ်းဆီးပြဿနာရှာတာမျိုးပါ ဖြစ်လာလေတော့ ကူကယ်ရာမဲ့သလို ခံစားလာရတယ်။ ခုတော့ လူထုဟာ ‘ငါတို့မှာ ငါတို့ပဲ ရှိတယ်။ အားမလျော့နဲ့’ လို့သာ အချင်းချင်းကို အားပေးရှင်သန်နေကြရတယ်။ 

တကယ်တော့ ဒီစကားဟာ မြန်မာလူထုရဲ့ စိတ်ဓာတ်ရေးရာပိုင်းမှာ ဘယ်လောက်ထိ တစစနဲ့ ပြောင်းလဲလာနေတယ်ဆိုတာကို အရေးတကြီး ရှင်းပြနိုင်တဲ့စကားပါပဲ။ ၅၄ သန်းသော လူထုဟာ 'အင်စတီကျူးရှင်းကြီးတွေဆီက အကူအညီ' ဆိုတာအပေါ်မှာ အယုံအကြည်မဲ့လာနေကြပါပြီ။ အရင်ဆုံးတော့ ကုလသမဂ္ဂရဲ့ အဆုံးအဖြတ်ကို မျှော်ခဲ့ကြတယ်၊ နောက် အာဆီယံက ကူလေမလား မျှော်ခဲ့ကြပြန်ရော။ အို... နိုင်ငံတကာအသိုင်းအဝိုင်းက တနည်းနည်းနဲ့တော့ ကူကြမှာပါလို့ တွက်ခဲ့ကြပြန်တယ်။ ကမ္ဘာ့အင်စတီကျူးရှင်းတွေဆီက မနားတမ်း လျစ်လျူရှုမှုတွေကို ကြုံတွေ့ပြီးတဲ့အခါမှာတော့ မြန်မာလူထုဟာ “ငါတို့မှာ ငါတို့ပဲရှိတယ်” လို့ စိတ်ပိုင်းဖြတ်လိုက်ကြတယ်။ ကိုယ့်အချင်းချင်းကို အားပေးတဲ့နေရာမှာ သိပ်အဖိုးတန်တဲ့ ဒီစကားဟာ တခြားတဖက်က ကြည့်ရင်တော့ မြန်မာလူထုဟာ အင်စတီကျူးရှင်းတွေဆီက အကူအညီဆိုတာအပေါ် ဘယ်လောက်အထိ အယုံအကြည်မဲ့လာကြောင်း ပြသနေတဲ့ စကားပါပဲ။

တကယ်တော့ မြန်မာ့တပ်မတော်ဆိုတာ နိုင်ငံအဆင့် ကိုယ်စားပြုအင်စတီကျူးရှင်းအဖြစ် ဘယ်တုန်းကမှ မဖြစ်တည်ခဲ့ပါဘူး။ သူက အမြဲတမ်းလိုလို အဂတိကြီးတဲ့ အကြမ်းဖက်ဂိုဏ်း တခုလိုသာ ရပ်တည်ခဲ့တာပါ။ ဒါကြောင့် ဒီအင်စတီကျူးရှင်းအပေါ်မှာ မြန်မာလူထုဟာ အယုံအကြည်မဲ့ခဲ့ပါတယ်။ ခုတော့ အဲဒီအယုံအကြည်မဲ့မှုဟာ ဟိုးအောက်ဆုံးအထိတောင် ရောက်သွားခဲ့ပါပြီ။ တပ်မတော်ဆိုတာ နစ်နေတဲ့ လှေတစ်စင်း ဖြစ်နေပါပြီ။ အဲဒီအင်စတီကျူးရှင်းကြီးတစ်ခုလုံးကို ကယ်တင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကျမတို့ ကယ်တင်နိုင်မှာက အဲဒီအင်စတီကျူးရှင်းထဲက လူတစ်ယောက်ချင်းစီလောက်ထိပါပဲ။ ဒါကြောင့်လည်း တပ်မတော်က အရာရှိ၊ အကြပ်တပ်သားတချို့ဟာ လူထုရဲ့ အာခံမှု-မနာခံမှုကို ပူးပေါင်းပါဝင်လာကြပါတယ်။ တနည်းအားဖြင့်တော့ နစ်နေတဲ့လှေထဲကနေ ကုန်းပေါ်ကို ခုန်တက်လိုက်ကြတာမျိုးပေါ့။ နိုင်ငံအဆင့် အင်စတီကျူးရှင်းတွေအပေါ် အယုံအကြည်မဲ့မှုဟာ သိပ်ဆိုးဝါးတဲ့ သက်ရောက်မှုတွေကို ဖြစ်စေပါတယ်။ အဲဒီ အင်စတီကျူးရှင်း ကိုယ်တိုင်အပေါ်မှာရော၊ သူကနေ ဆောင်ရွက်ပေးနိုင်တဲ့ နိုင်ငံရဲ့အုပ်ချုပ်ရေးအပေါ်မှာရော၊ သူ့ထဲက ဝန်ထမ်းတစ်ယောက်ချင်းစီအပေါ်မှာပါပေါ့။ အယုံအကြည် တခါလေး မဲ့ရုံဟာ နှစ်ပေါင်းများစွာနဲ့တောင်မှ ပြန်လည်တည်ထောင်ယူရ၊ ပြုပြင်ယူရလောက်အောင် သက်ရောက်ပါတယ်။ ဒီလိုဖြစ်တာဟာ ဘယ်သူ့အတွက်မှလည်း ဘာအကျိုးအမြတ်မှ မဖြစ်စေပါဘူး။

ဒီလိုပါပဲ။ မြန်မာလူထုဟာ ကုလသမဂ္ဂလို အာဆီယံလို အင်စတီကျူးရှင်းကြီးတွေအပေါ်မှာ အယုံအကြည်မဲ့လာတာကို တွေ့မြင်နေရပါတယ်။ “ငါတို့မှာ ငါတို့ပဲ ရှိတယ်”ဆိုတဲ့ စကားသံဟာ သိပ်ကိုစိုးရိမ်စရာကောင်းတဲ့ အသံပါပဲ။ လူတွေအများကြီးက အင်စတီကျူးရှင်း တစ်ခုခုအပေါ်မှာ အယုံအကြည်မဲ့လာပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေပဲ ဖြစ်လာတော့မှာလေ။ အချိန်အကြာကြီးယူပြီးမှ ပြန်လည်နာလန်ထနိုင်သလို တကယ်ရော နာလန်ထလာပါဦးမလား ဆိုတာလည်း မေးစရာပါပဲ။

ဘာလို့များ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ကျမတို့ မြန်မာလူထုကို ကယ်တင်ဖို့ ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးတာပါလိမ့်။ မြန်မာလူထုရဲ့ ရင်ထဲ အသည်းထဲမှာ ဒီမေးခွန်းဟာ ပဲ့တင်ထပ်နေပါပြီ။ ကျမတို့ ရင်ဆိုင်နေရတဲ့ တခြားရက်စက်မှုတွေထက်တောင် ဒီအမေး၊ ဒီအတွေးက နာကျင်စေပါတယ်။   တကယ့်နက်ရှိုင်းထိခိုက်တဲ့ ဒဏ်ရာဆိုတာ ကျည်သင့်တဲ့ဒဏ်ရာ မဟုတ်ပါဘူး၊ ‘အယုံအကြည်မဲ့ရတဲ့’ ဒဏ်ရာသာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ကျမ စိုးရိမ်နေမိတာကတော့ မြန်မာလူထုဟာ ကမ္ဘာ့အသိုင်းအဝိုင်းဆိုတဲ့ အင်စတီကျူးရှင်းကြီးကနေ သူတို့ကိုယ်သူတို့ ခွဲထုတ်လိုက်ဖို့ ဆန္ဒရှိနေမှာကိုပါ။ တကယ်တော့ ကုလသမဂ္ဂတို့ အာဆီယံတို့ဆိုတာ မြန်မာ့တပ်မတော်လို နစ်နေတဲ့လှေတစ်စင်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမတို့ ခံစားနေရတာကို လျစ်လျူရှုခြင်းဖြစ်ဖြစ်၊ ပျားရည်သုတ် စကားလုံးတွေလောက်နဲ့ နှစ်သိမ့်ပေးတာဖြစ်ဖြစ်ကိုသာ ဆက်တိုက်ရရှိလာပြီဆိုတဲ့အခါ ကျမတို့ဟာ အယုံအကြည်မဲ့ခြင်းကိုသာ တတ်နိုင်ပါတော့တယ်။

၅၄ သန်းသော လူထုဟာ ရက်စက်ကြမ်းကြုတ်တဲ့ တပ်မတော်ရဲ့ ဖိနှိပ်မှုအောက်မှာနဲ့ ပေါက်ကွဲပြန့်ပွားနေတဲ့ ကိုဗစ်အောက်မှာ အသက်ရှူမဝတော့ပါဘူး။ ပိုဆိုးတာကတော့ အားလုံးရဲ့ စွန့်ပယ်ခြင်းကို ခံစားနေရတဲ့စိတ်ပါပဲ။ ကမ္ဘာ့အင်စတီကျူးရှင်းဖြစ်တဲ့ ကုလသမဂ္ဂကြီးက စွန့်ပယ်တယ်၊ အာဆီယံလိုဒေသတွင်း    အင်စတီကျူးရှင်းက စွန့်ပယ်တယ်၊ အိမ်နီးနားချင်းတွေက စွန့်ပယ်တယ်၊ ကြွယ်ဝတဲ့ ဒီမိုကရက်တစ်နိုင်ငံတွေကလည်း စွန့်ပယ်တယ်၊ နောက် ဒီမိုကရက် မဟုတ်တဲ့ နိုင်ငံတွေက အသုံးချတာ၊ အလွဲသုံးစားလုပ်တာတွေကို ခံရတယ်။ အဲဒီလို ခံစားနေကြရတာပါ။ကျမတို့ဟာ မျှော်လင့်ချက်တွေ မဲ့ရတယ်။ အယုံအကြည်တွေ မဲ့လာတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ပေါ့။ ဒီ့ထက် ကြောက်စရာကောင်းတဲ့ အနေအထား ရှိသေးရဲ့လား။

ကျေးဇူးပြုပြီး တကယ့်ကို ကျေးဇူးပြုပြီး နားထောင်ပေးကြပါ၊ ကြားပေးကြပါ နိုင်ငံတကာ အသိုင်းအဝိုင်းရေ။ နိုင်ငံအသီးသီးဟာ ခုကပ်ရောဂါကာလမှာ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိနေကြတာကို ကျမတို့တွေ နားလည်သဘောပေါက်ပါတယ်။ ကျမတို့နိုင်ငံထဲက အင်စတီကျူးရှင်းတစ်ခု ဖြစ်တဲ့ တပ်မတော်ကိုယ်တိုင်က အကြမ်းဖက်အဖွဲ့ဖြစ်နေတဲ့အတွက် ရှင်တို့ရဲ့ မျက်လုံးထဲမှာ ကျမတို့လူ့အဖွဲ့အစည်းဟာ ဆိုးရွားတယ်လို့ မြင်နေနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာလူထုဟာတော့ဖြင့် ရှင်တို့ရဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဝင်ရောက်ကူညီမှုတွေကို ထိုက်တန်တဲ့သူတွေပါ။ ကျမတို့ အသံတွေကို ကြားပေးကြပါ။ လူထုရဲ့အသံတွေကို နားထောင်ပေးကြပါ။ ကျမတို့ဟာ ရှင်တို့ရဲ့ အကူအညီကို အသည်းအသန်ကို လိုအပ်နေကြတာပါ။

ကျမတို့အနေနဲ့ ဘယ်အင်စတီကျူးရှင်းအပေါ်မှာမှ အယုံအကြည် မမဲ့ဖြစ်အောင် ကူညီပေးကြပါ။ ဟုတ်ပါတယ်၊ ကျမတို့ အများကြီး ဖြတ်သန်းခဲ့ကြပြီးပါပြီ။ ဒါပေမဲ့ ကျမတို့ကို ယုံကြည်ပေးပါ။ ကျမတို့ဟာ ဒီမိုကရေစီအပေါ်မှာ ဘယ်တုန်းကမှ မျှော်လင့်ချက် မမဲ့ခဲ့ကြပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ ငြိမ်းချမ်းတဲ့၊ ပုံမှန်ပဲ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ နိုင်ငံအနေနဲ့ရော၊  မိတ်ကောင်းဆွေကောင်း အိမ်နီးချင်းနိုင်ငံကောင်းအနေနဲ့ရော၊ ဂုဏ်သိက္ခာရှိတဲ့ ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံအနေနဲ့ပါ ဖြစ်နိုင်စေရမှာပါ။ ကမ္ဘာ့/ဒေသတွင်း အင်စတီကျူးရှင်း ဆိုတဲ့ လှေကြီးပေါ်ကနေ ကျမတို့ကို မလွှင့်ပစ်လိုက်ကြပါနဲ့။ ကမ္ဘာမြေပေါ်မှာ လူသားဆန်တဲ့ အင်စတီကျူးရှင်းတွေ ရှိပါသေးတယ်လို့ ယုံကြည်ခွင့်ကို ပေးကြပါ။ ရှင်တို့ လုပ်ပေးနိုင်သမျှ နည်းလမ်းစုံနဲ့ မြန်မာ့လူထုကို ကယ်တင်ပေးကြပါတော့။

မသီတာ(စမ်းချောင်း) 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024