စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှာ ဇူလိုင် ၁၈ ရက် မနက် ၁ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ရွာသားလူငယ် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။
ဆိပ်ခွန်ကျေးရွာမှာ စစ်ကောင်စီက ဇူလိုင် ၁၇ ရက်နေ့ည ၁၀ နာရီလောက်ကတည်းက စစ်ကားနှစ်စီးနဲ့ဝင်ရောက်လာခဲ့ပြီး အသံဗုံးနဲ့ သေနတ် အချက် ၃၀ ကျော် ပစ်ခတ်ဖောက်ခွဲခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
“အပစ်ခံရတဲ့သူတွေက အသက် ၂၀ ကျော်အရွယ် လူငယ်လေးယောက်ဖြစ်ပါတယ်။ သူတို့လာတာကို ပြေးလို့ပစ်တာပါ” လို့ ရွာခံတယောက်က ပြောပါတယ်။
သေဆုံးသွားတဲ့ လူငယ် ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို မူးမြစ်ရိုးမှာပုံထားပြီး အလောင်းပြန်ကောက်ခွင့် မရသေးဘူးလို့ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ် အဖွဲ့ဝင်တယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ရွာသားတချို့ဒဏ်ရာရခဲ့ပြီး အသေးစိတ်အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဇူလိုင် ၁၈ရက် မနက် ၇ နာရီကျော်အချိန်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ဆိပ်ခွန်(မြောက်)ဈေးကို မွှေနှောက်ရှာဖွေခဲ့တယ်လို့သိရပါတယ်။ မနက် ၈ နာရီမှာတော့ ဆိပ်ခွန်ရွာကနေ တက်တူရွာဘက်ကို အင်အားအပြည့်နဲ့ စစ်ကားအကြီးတစ်စီး ထွက်ခွာသွားတယ်လို့ ရွာခံတယောက်က ပြောပါတယ်။
ဆိပ်ခွန်ရွာဟာ ရွှေဘိုမြို့ရဲ့ အနောက်ဘက် ၇ မိုင်အကွာ၊ မုံရွာမြို့နဲ့ ၆၄ မိုင်အကွာ ရွှေဘို–မုံရွာ ကားလမ်းမကြီးရဲ့ ဝဲယာမှာ တည်ရှိတဲ့ရွာကြီးတရွာ ဖြစ်ပါတယ်။ ဆိပ်ခွန်ရွာမှာ လူဉီးရေ ၁ သောင်းကျော် နေထိုင်ပြီး အိမ်ခြေ ၁၇၀၀ ကျော်ရှိပါတယ်။