မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ထဲမှာ ဒေသခံပြည်သူ ၄ ယောက်ကို ဇူလိုင် ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒလန်တွေက လက်နက်တွေရှိတယ်လို့ မဟုတ်မမှန် သတင်းပေးတာကြောင့် အကြမ်းဖက်စစ်အုပ်စုတွေ အင်အား အလုံးရင်းနဲ့ ရောက်လာပြီး အပြစ်မဲ့ပြည်သူ ၄ ယောက်ကို ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကတော့ ပေတောကျေးရွာက ကိုမင်းဝေ၊ ကျွဲဒိကျေးရွာက ကိုစိုးနိုင်၊ သမင်ခြံကျေးရွာက ကိုတင်ဌေးအောင်နဲ့ ကံပြည့်ရွာက မမြင့်မြင့်ထွေးတို့ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ကံပြည့်ရွာက ကိုညွန့်ဝင်းကို လာရှာရာမှာ မတွေ့တာကြောင့် ဇနီးဖြစ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး မမြင့်မြင့်ထွေးကို အကြမ်းဖက်စစ်အုပ်စုက ဓားစာခံအဖြစ် ဖမ်းဆီးသွားတာလို့ သိရပါတယ်။
သူတို့ ၄ ဦးကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဘာကြောင့် လရောက်ဖမ်းဆီးတယ်ဆိုတာကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။