Home
ဆောင်းပါး
ဂက်ဒေါက် မင်းအောင်လှိုင်
DVB
·
July 16, 2021

နံနက် ၇ နာရီကျော်ပင်ရှိသေး၊ သူငယ်ချင်းတစ်ဦး၏ ဖုန်းဝင်လာသဖြင့် ထိတ်ခနဲစိတ်က တရိပ်ရိပ်ဒီ တက်လာသည်။ မျှော်လင့်ထားသလိုပင် သတင်းက သတင်းဆိုး။ ကျနော်တို့ဘော်ဒါ တစ်ယောက် မကြာသေးမီကပင် ဆုံးပါးသွားခဲ့ပြီတဲ့။

ကျနော်က ရန်ကုန်နှင့်ဝေးသော ဟိုး…အညာမြို့လေးသို့ ရောက်ရှိနေသည်မှာ နည်းနည်းကြာပြီမို့ ယခု လတ်လတ်ဆတ်ဆတ် ကွယ်လွန်သွားသော မိတ်ဆွေ ကိုဗစ်ကူးစက်ခံထားရမှန်း မသိလိုက်။ သူနှင့်လူ ချင်းမဆုံဖြစ်ကြတာလည်း နှစ်အတန်ငယ်ကြာခဲ့။ ကျနော့်အသိုင်းအဝိုင်းကြား ပထမဆုံးကွယ်လွန်ခြင်း သတင်းကို ရုတ်တရက်ကြားရသဖြင့် ရှော့ခ်ဖြစ်ရသည်။

ဖြစ်စဉ်ကိုမေးကြည့်တော့ ကိုဗစ်ရောဂါနှင့်အတူ နာမည်ကြီးနေသော အောက်ဆီဂျင်ကျခြင်းပြဿနာ ဆိုးဖြစ်သည်။ ကိုဗစ်နှင့် ဆောက်ဆီဂျင်ဆွဲချခံရခြင်း ပြဿနာကို ဒုတိယလှိုင်းကာလကတည်းက အသေအချာ ကြားခဲ့ဖူးသော်လည်း အောက်ဆီဂျင်လိုအပ်နေသော လူနာ အောက်ဆီဂျင်မရသဖြင့် သေဆုံးသွားရသည့် သတင်းကိုမူ ဒုတိယလှိုင်းကာလအထိ တခါမျှမကြားဖူးခဲ့။

ကိုဗစ်ရောဂါကုသပေးနေသည့်ဆေးရုံနှင့် စင်တာတိုင်းတွင် လူနာများအတွက် အောက်ဆီဂျင်ပိုက်လိုင်းက အဆင်သင့်။ ဖြစ်နိုင်ခြေ လူနာအရေအတွက်နှင့် အောက်ဆီဂျင် အရင်းအမြစ်ကို ကျွမ်းကျင်သူများက တွက်ချက်ပြင်ဆင်ထားပြီးသား။ ကိုဗစ်ရောဂါကြောင့် စိတ်ဆင်းရဲဖိစီးခံနေရသောလူနာ၊ ကိုယ့်ဘာသာကြိတ်မကုနဲ့။ ဖုန်းလေးတစ်ချက်သာဆက်လိုက်။ အစမှအဆုံးတိုင် အခမဲ့ဝန်ဆောင်မှုများ အဆင်သင့်။ ကိုယ့်အစိုးရနှင့် ကိုယ့်ပြည်သူ အပြန်အလှန်ယုံကြည်မှုကြီးခဲ့သောကာလသည် လွမ်းလောက်ဖွယ်။

ယခုတော့ ကျနော့်မိတ်ဆွေမှာ အောက်ဆီဂျင်မရသဖြင့် ကွယ်လွန်သွားခဲ့သည်။ ကံဆိုးချင်တော့ ကိုယ့်ဘာသာ အိမ်မှာ ၅ ရက်တာ အောက်ဆီဂျင်ရှူခဲ့စဉ်က ဘာမှမဖြစ်။ ဆေးရုံပို့ပြီး နောက်တစ်ရက်ကျတော့ သေဆုံးခဲ့သည်တဲ့။

“ကျနော်က အောက်ဆီဂျင်လိုက်ရှာပြီး သူ့အိမ်ကို ပို့ပေးနေတာ။ အိမ်မှာက အောက်ဆီဂျင်ရှိပေမယ့် တခြားဘာမှ မကုပေးနိုင်ဘူး။ ပြီးတော့ အောက်ဆီဂျင်ရှာရတာလည်း ခက်လာတော့ အောက်ဆီဂျင်မရတော့ရင် ပြဿနာရှိနိုင်တယ်လို့တွေးပြီး သုဝဏ္ဏစင်တာတင်လိုက်တာ။ ဟိုရောက်ပြီး တစ်ရက်ပဲခံတယ်။’ဟု သူငယ်ချင်းကပြောပြသည်။

သုဝဏ္ဏစင်တာရောက်တော့ မည်သည့်ကျန်းမာရေးစောင့်ရှောက်မှုမှမရ။ အောက်ဆီဂျင်ကို အလှည့် ကျသာ ရှူရသဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောပြသည်။

ကျနော့်သူငယ်ချင်းမှာ ၎င်း၏ လုပ်ငန်းလိုအပ်ချက်အရ အောက်ဆီဂျင်အိုး ၃လုံး ပိုင်ဆိုင်ထားသူ။ ထို့ကြောင့် အောက်ဆီဂျင်လိုအပ်နေသူများအား အကူအညီပေးနိုင်ရန် ပရဟိတလူငယ်တစ်ဦးနှင့်အတူ အောက်ဆီဂျင်ရရှိရေး တိုက်ပွဲဝင်နေသူ။ မနက်မိုးလင်းသည်နှင့် လူမှုကွန်ရက်ပေါ်တက်၊ ပြည်သူများကို အောက်ဆီဂျင် ပေးနေသည့်စက်ရုံများကို လိုက်ရှာကာ သွားတန်းစီ။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားပေါ်အောက်ဆီဂျင်အိုး ပါလာတာတွေ့လျှင် ဖမ်းဆီးနေသဖြင့် တထိတ်ထိတ်။

“ကျနော်တို့ ကိုးကွယ်တဲ့ဘုန်းကြီးဆို ရန်ကုန်ဆေးရုံကြီးတက်ကုနေတယ်။ ဘုန်းကြီးအနားက ဦးပဉ္စင်းဆီ ဘာလိုလဲလို့ ဖုန်းဆက်မေးကြည့်တာ အောက်ဆီဂျင်လိုတယ်တဲ့။ ဆေးရုံမှာမရှိဘူးလားဆိုတော့ အလှည့်ကျပဲရတယ်တဲ့။ အဲဒါနဲ့ ကျနော့်မှာ ဖြည့်ထားတဲ့ အောက်ဆီဂျင်တစ်အိုးရှိနေလို့ လာလှူမယ်ဆိုတော့ အပြင်က အောက်ဆီဂျင်ကို ဆေးရုံကလက်မခံဘူးလို့ပြောတယ်။ ကဲ၊ဘယ်လိုလုပ်ကြမလဲ။’ဟု သူငယ်ချင်းက ပြောသည်။

လူမှုကွန်ရက်ကို ဖွင့်ကြည့်လိုက်သည်နှင့် နာရေးသတင်းများက တန်းစီလို့နေသည်။ ဇူလိုင် ၁၃ ရက် နေ့မှစတင်ကာ ရေဝေးသုသာန်၌ တောင်ပုံရာပုံဖြစ်နေသော အလောင်းများကို စတင်တွေ့ခဲ့ရသည်။ ပြည်သူ့နာရေး ပြည်သူချင်းကူညီပေးနေသော ပရဟိတအဖွဲ့တိုင်းမှာ ပုံမှန်သေနူန်းထက် ၂ ဆ၊ ၃ဆမက မြင့်တက်လာမှု အရ မနိုင်မနင်းပင်ဖြစ်နေကြသည်။

ကိုဗစ်ကြောင့်သေဆုံးသူ ရာနှုန်းပြည့်နီးပါးမှာ အောင်ဆီဂျင်ကျပြီး အောက်ဆီဂျင်မရတော့သဖြင့်တိမ်းပါးကြခြင်းဖြစ်သည်။ ပြည်သူတို့ခမျာ အာဏာသိမ်းပြီးနောက်တွင် အေတီအမ်စက်များရှေ့ အချိန်ကြာမြင့်စွာ  ဒုက္ခခံတန်းစီငွေထုတ်ခဲ့ရပြီး ဘာမှမကြာ ယခုလည်း အောက်ဆီဂျင်အတွက် တန်းစီရပြန်သည်။

မိသားစုဝင်နှင့် မိတ်ဆွေများအတွက်၊ လိုအပ်နေသော ပြည်သူများကို အောက်ဆီဂျင်ကူပေးနိုင်ရန်အတွက် အကြီးအကျယ်ကူးစက်နေသော ကိုဗစ်ရန်ကိုမကြောက် အချိန်အကြာကြီး တန်းစီစောင့်ရခြင်းဖြစ် သည်။

စစ်ကောင်စီက ပြည်သူများကို အောက်ဆီဂျင်မပေးရန် အောက်ဆီဂျင်စက်ရုံများသို့ အမိန့် ထုတ်ပြန် ကန့်သတ်လိုက်ပြီးနောက်တွင် ကိုဗစ်လူနာသေဆုံးမှုနှုန်းသိသာစွာ မြင့်တက်ခဲ့သည်။

စစ်ကောင်စီပြောခွင့်ရဇော်မင်းထွန်းက ‘အောက်ဆီဂျင်နဲ့ပတ်သက်ပြီး မှန်ပါတယ်။ ပုဂ္ဂလိက ပိုင်ဆိုင် တဲ့ဟာတချို့ကို ကျနော်တို့အနေနဲ့ ကန့်သတ်ထားတာရှိပါတယ်။ တစ်ဦးချင်းလာဖြည့်တာကို ဖြည့်မပေးဘဲ အဓိကလိုအပ်နေတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ဖြည့်ပေးဆိုပြီး ကန့်သတ်လိုက်တာရှိပါတယ်။’ဟုဆိုသည်။

ထိုသို့ကန့်သတ်လိုက်ခြင်းမှာ အွန်လိုင်းပေါ်တွင် အောက်ဆီဂျင်ရမည်ဟုဆိုကာ ငွေကြေးလိမ်လည် နေခြင်းနှင့် မလိုအပ်ဘဲ အောက်ဆီဂျင်ယူထားသူများရှိနေခြင်းကြောင့်ဟု ဇော်မင်းထွန်းက အရေးမပါသောဆင်ခြေပေးခဲ့ သည်။

ဆက်လက်ပြီးဇော်မင်းထွန်းက ဆေးရုံများနှင့်ကွာရန်တင်းစင်တာများတွင် လူနာပြည့်နေကြောင်း ဝန်ခံထားသလို အောက်ဆီဂျင်အမှန်တကယ်လိုအပ်နေသူများအနေနှင့် သက်ဆိုင်ရာ၏ ထောက်ခံချက်ဖြင့် သွားရောက်ဖြည့်နိုင်ကြောင်းလည်းဆိုသည်။

ဇော်မင်းထွန်းအပြောကို ချုပ်ရသော် ဆေးရုံများတွင် လူနာပြည့်နေ၊ အောက်ဆီဂျင်တော့မပေးနိုင်၊ လို အပ်လျှင် ထောက်ခံချက်တောင်းသွားဖြည့်။

ဆေးရုံများတွင် စနစ်တကျကုသမှုမပေးနိုင်ခြင်းကထား။ ဆေးရုံများပေါ် လူနာပြည့်နေတာကတော့ သေချာသည်။ စစ်ကောင်စီဆေးရုံများကို ပြည်သူတို့က အယုံအကြည်မရှိသဖြင့် ကိုဗစ်ကူးစက်ခံရရုံအဆင့်ဖြင့် ဆေးရုံမတက်ကြတာလည်းသေချာသည်။ ဆေးရုံတက်ခွင့်ရရန် ကြိုးစားကြသူများစွာမှာ အောက်ဆီဂျင် ကျဆင်းနေပြီး ရှူစရာအောက်ဆီဂျင်လည်းမရှိသဖြင့် ဆေးရုံပေါ်ရောက်လျှင် အောက်ဆီဂျင်ရှူခွင့်ရလိုရငြား ကောက်ရိုးတစ်မျှင်ကို လိုက်ရှာကြခြင်းဖြစ်သည်။ သို့သော်၊ ဟိုဆေးရုံကလည်းလက်မခံ၊ ဒီဆေးရုံကလည်း လက်မခံသဖြင့် ရန်ကုန်မြို့ပေါ်ရွာလည်နေသော ပရဟိတလူနာတင်ယာဉ်များစွာရှိသလို ယင်းလူနာတင်ယာဉ်ပေါ် အောက်ဆီဂျင်မရသဖြင့် ကြွေလွင့်သွားသောပြည်သူလည်း မနည်းတော့ပေ။

ဥပမာ- ဇူလိုင် ၁၃ ရက်နေ့တွင် ဆရာတော်ရဝေနွယ်(အင်းမ) တင်ထားသည့်ပို့စ်။ ‘ကျောင်းတိုက် တည်စကတည်းက ဝေယျာဝစ္စလည်းဖြစ်၊ အဆောင်မှူးလည်းလုပ်ဖူးတဲ့ (မစောမာလာ) ကိုဗစ်ရောဂါနဲ့ပဲ ကွယ်လွန်လို့သွားပါပြီ။ အောက်ဆီဂျင်တွေ ထိုးကျနေလို့ မနေ့က တနေကုန် ရန်ကုန်မှာရှိသမျှ ၊ရှိသမျှ  ဆေးရုံတွေ လိုက်တင်ပေမဲ့ ဘယ်ဆေးရုံမှ လက်မခံပါဘူးတဲ့။ မနက် ၁၁ နာရီထိုးခါနီး မနေရတော့ဘူးပြောလို့ အားပေးစကားပြောရင်း အမေရိကားက အသက်ရှူစက်လေး ခုပဲပို့လိုက်မယ်လို့ပြောပြီး မိနစ် ၂၀ မှာပဲ  ကွယ်လွန်သွား ခဲ့ပါတယ်……..’တဲ့။ ကဲ၊ ဘယ်လောက်များ ရင်နာစရာ ကောင်းလိုက်လေသလဲ။ ထိုသို့ ရင်နာစရာဇာတ်လမ်းများက စစ်ကောင်စီ အောက်ဆီဂျင်ဖြတ်လိုက်ပြီးနောက်ပိုင်းတွင်များစွာ။

ယခုဆောင်းပါးရေးနေသည့် ဇူလိုင် ၁၅ ရက်၊ မွန်လွဲ ၁ နာရီမထိုးမီမှာပင် ‘မနေ့က အောက်ဆီဂျင်သာရခဲ့ရင် ဒီလိုအဖြစ်မျိုးကြုံရမှာမဟုတ်ဘူး……။’ဆိုသည့် မိတ်ဆွေတစ်ဦးက သူ့ယောက္ခမ အဖြစ်ဆိုးအကြောင်း ရေးထားသည့်ပို့စ်ကို ဖတ်ရပြန်သည်။

စစ်ကောင်စီအနေနှင့် ဆေးရုံပေါ်တွင်လည်း ကိုဗစ်လူနာအကုန်လုံးကို လက်မခံနိုင်။ပြည်သူတို့က ကိုယ့်ဘာသာအိမ်မှာကုပြန်တော့လည်း ကျန်းမာရေးအကြံပေးသည့်အဆင့်မျှပင် မပံ့ပိုးနိုင်ရုံတင်မက လူနာတို့၏အသက်၊အောက်ဆီဂျင်လိုအပ်ချက်ကိုပင် ဖြတ်ပစ်ခဲ့သည်။ မည်သို့သောအကြောင်းကြောင့် အောက်ဆီဂျင်ဖြတ်ပစ်ရသနည်း။အောက်ဆီဂျင်ဖြတ်ခြင်းသည် ပြည်သူတို့၏ အသက်ကိုရည်ရွယ်ချက်ရှိရှိ သတ်ပစ်ခြင်းလည်းဖြစ်နိုင်သလို စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအမှားလည်းဖြစ်နိုင်သည်။သေချာတာက စစ်ကောင်စီအောက်ဆီဂျင်ဖြတ်တောက်မှုကြောင့် ပြည်သူများစွာအသက်ဆုံးရှုံးနေရသည်။ထို့ကြောင့် ကိုဗစ်လူနာများ အောက်ဆီဂျင်ပြတ်၍ သေဆုံးခြင်းကို မင်းအောင်လှိုင်အနေနှင့် တာဝန်ယူရပါမည်။

အမှန်တကယ်ဖြစ်သင့်သည်မှာ စစ်ကောင်စီအနေနှင့် ဆေးရုံများပေါ် လူနာထပ်လက်မခံနိုင်တော့ ကြောင်း အတိအလင်းဝန်ခံကာ အိမ်တွင်းကုသမှုစနစ်၊ စနစ်တကျပြုစုစောင့်ရှောက်မှု ၊အောက်စီဂျင်လိုအပ်ချက်များကို အလွယ်တကူဖြည့်ပေးခြင်းနှင့် အောက်ဆီဂျင်အသုံးပြုပုံတို့ကို ပြည်သူများ မြင်သာအောင် နည်းလမ်းစုံသုံး ဖြန့်ချိရန်လိုပါသည်။ (ဇော်မင်းထွန်းပြောကြားခဲ့သလို အောက်ဆီဂျင် အမှန်တကယ်လိုအပ်သူများအနေဖြင့် သက်ဆိုင်ရာ၏ ထောက်ခံချက်ဖြင့် ဖြည့်နိုင်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း အောက်ဆီဂျင် တန်းစီသူ ပြည်သူတိုင်းက သိရှိပြီးဖြစ်သည်။)

အထက်ပါအတိုင်း စစ်ကောင်စီကဆောင်ရွက်သည့်တိုင် အောက်ဆီဂျင်ပြတ်သေဆုံးမှုနှုန်းကို အတန်အသင့် လျှော့ချနိုင်ရန်သာ တတ်နိုင်ပါမည်။ မြန်မာနိုင်ငံ၏လက်ရှိကိုဗစ်အခြေအနေမှာ လုံးဝထိန်း မနိုင်တော့သည့် အခြေသို့ရောက်ရှိနေပြီဖြစ်သည်။ ကိုဗစ်သံသယလူနာများကိုပင် ကိုဗစ်ပိုးကူးစက်ခံထား ရခြင်းရှိ၊ မရှိ စစ်ဆေးပေးနိုင်ခြင်းမရှိတော့ပေ။ လက်ရှိ ကူးစက်မှုနှုန်းမှာ စစ်ကောင်စီကျန်းမာရေး ဝန်ကြီးဌာနက နေ့စဉ်ကြေညာနေသည့်အရေအတွက်ထက် ၄-၅ဆမက များပြားနေပြီဖြစ်ကြောင်း ပြည်သူတိုင်း သိရှိပြီးဖြစ်သည်။

မြန်မာတစ်ဝန်း တတိယလှိုင်းစတင်သည်းထန်ခဲ့သည့် ဇူလိုင်လ အစမှ ယခု ဇူလိုင်၁၅ရက်အတွင်း မှာပင် ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မင်းအောင်လှိုင်၏လက်ရည်သည် ကိုဗစ်ရောဂါတစ်ခုတည်းကိုပင် မည်သို့မျှ မကိုင်တွယ်နိုင်ကြောင်း သက်သေခံလျက်ရှိသည်။

ထို့ကြောင့် ကိုဗစ်တတိယလှိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်တစ်ခုတည်းသောနည်းလမ်းမှာ မင်းအောင်လှိုင်အနေနှင့် ကိုယ့်အဆင့်အတန်းကိုယ်သိစွာဖြင့် သမ္မတရူးအိပ်မက်ကို ပြန်လည်ခေါက်သိမ်းကာ ပြည်သူ့အာဏာပြည်သူ့ထံသို့ လွှဲပြောင်းပေးရေးပင်ဖြစ်သည်။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024