ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းဖရာရွာမှာ ဇူလိုင် ၁၅ ရက် မနက် ၇ နာရီက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့၀င်တွေဖြစ်တဲ့ နန့်ယားအခြေစိုက် အမြောက်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ဆိုင်းဖရာကျေးရွာ လူနေအိမ်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဇူလိုင် ၁၄ ရက် မနေ့ညနေပိုင်းကလည်း ဂေါ်လုယန်ဘက်မှာ ကေအိုင်အေ တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၄၄ ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာရှိတယ်၊ ခုလည်း မနက်အစောကြီးကတည်းက ကွန်ဆိုင်း တံတားညီနောင်ဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့ ကြားတယ်။ အဲ့ဒါကြောင့် သူတို့ စစ်ကောင်စီတပ်တွေက အမြောက် လက်နက်ကြီးတွေနဲ့ လျှောက်ပစ်နေတာ။”
လက်ရှိမှာ အဆိုပါတိုက်ပွဲဖြစ်ပွားနေတဲ့ ကွန်ဆိုင်း နဲ့ ဂေါ်လုယန်ဘက်က ဒေသခံပြည်သူအချို့ တိုက်ပွဲတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။