မန္တလေးတိုင်းဒေသကြီး မြင်းခြံမှာ ဇူလိုင် ၁၃ ရက်မနက် ၁၀ နာရီကျော်က နေရာအတော်များများ ဗုံးပေါက်ခဲ့ပြီး စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက မြို့တွင်းလှည့်ပတ် ပစ်ခတ်မှုတွေရှိနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
“၁၀ နာရီကျော်လောက်က အမှတ် ၆ မှာ ဗုံးပေါက်တယ်။ ကားကြီးကွင်းနဲ့ ပြောင်းပြာတံတားထိပ်မှာလည်း ပေါက်တယ်လို့ ပြောတယ်။ လုံခြုံရေးတပ်တွေကတော့ ကားကြီးကွင်း၊ နာရီစင်တဝိုက်၊ ဘုရာလမ်းတွေမှာ ပတ်ပစ်နေတာ။ မြို့ထဲလည်း သေနတ်သံတွေ ညံနေတယ်၊ အချက် ၃၀ လောက်ရှိတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
ထောက်တိုင်နဲ့ ထောက်ထားရတဲ့ သေနတ်ကို ကားပေါ်တင်ပြီး မြို့ထဲ လှည့်လည်ပစ်ခတ်နေတာလို့ မျက်မြင်တွေ့ရှိသူတို့က ဆိုပါတယ်။